၂၀၁၆ ခုနှစ်တုန်းက ထုတ်လွှင့်ခဲ့တဲ့ “Descendants of the Sun” ဒရာမာစီးရီးနဲ့ နိုင်ငံတကာမှာ နာမည် ရရှိခဲ့တဲ့ တောင်ကိုရီးယားမင်းသား ဆောင်းဂျွန်ကီဟာ ကိုလံဘီယာနိုင်ငံကနေ အိမ်ကို ပြန်လာခဲ့ပြီးတဲ့နောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ပြီလားဆိုတာ သိရဖို့ သီတင်းနှစ်ပတ်ကြာ ကိုယ်တိုင် စောင့်ကြည့်ခံမယ်လို့ သိရပါတယ်။
အသက် ၃၈ နှစ်အရွယ် မင်းသား ဆောင်းရဲ့ အေဂျင်စီ HISTORY D&C က “ဆောင်းဂျွန်ကီဟာ ဒီနေ့မှာပဲ အိမ်ကို ပြန်ရောက်ခဲ့ပါပြီ။ ကံကောင်းစွာနဲ့ပဲ သူ့ရဲ့ ကျန်းမာရေးအခြေအနေက ပုံမှန် အတိုင်းပါပဲ” လို့ မတ်လ ၂၄ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။ အေဂျင်စီရဲ့ အဆိုအရ မင်းသားဟာ ကိုယ်တိုင် စောင့်ကြည့်ခံမယ့် ကာလအတွင်း အနားယူမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
မင်းသားဆောင်းဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ကိုလံဘီယာနိုင်ငံကို ရောက်ရှိခဲ့တဲ့ တောင်ကိုရီးယား လူငယ်ရွှေ့ပြောင်းလာသူတဦးအကြောင်း ဇာတ်အိမ်တည်ထားတဲ့ မှုခင်း – သည်းထိတ်ရင်ဖို့ ဒရာမာ “Bogota” ကို ရိုက်ကူးဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ကိုလံဘီယာနိုင်ငံမှာ ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့က ကိုလီယံဘီယာ အစိုးရကနေ ခရီးသွားလာခွင့် တားမြစ်ချက်ကို ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ရိုက်ကူးရေး ဝန်ထမ်း၊ မင်းသားတွေနဲ့ မင်းသမီးတွေဟာ ရိုက်ကူးရေးကို ရပ်ဆိုင်းဖို့နဲ့ အိမ်ပြန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
မင်းသား ဆောင်းဟာ ၂၀၀၈ ခုနှစ်တုန်းက “A Frozen Flower” ရုပ်ရှင်နဲ့ အနုပညာလောကထဲ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။ “Descendants of the Sun” ဒရာမာမှာ အတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ အသက် ၃၈ နှစ်အရွယ် မင်းသမီး ဆောင်းဟေဂိုနဲ့ မင်းသားတို့ဟာ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလမှာ လက်ထပ်ခဲ့ကြပေမယ့် ပြီးခဲ့တဲ့နှစ် ဇွန်လမှာ သူတို့နှစ်ဦးရဲ့ အိမ်ထောင်ရေးဟာ ရုတ်တရက် အဆုံးသတ်သွားခဲ့ပါတယ်။
သူတို့နှစ်ဦး ကွာရှင်းခဲ့ပြီးတဲ့နောက် မင်းသား ဆောင်းဟာ tvN ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ “Arthdal Chronicles” ဒရာမာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အဲ့ဒီစီးရီးကိုလည်း ၂၀၁၉ ခုနှစ် သြဂုတ်လမှာ Netflix ကနေလည်း ဖြန့်ချိခဲ့တာဖြစ်ပါတယ်။
မင်းသား ဆောင်းဟာ ကဏ္ဍစုံအစီအစဉ်ဖြစ်တဲ့ Running Man ရဲ့ အဖွဲ့ဝင်တဦးအဖြစ် ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၁ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး “A Werewolf Boy” နဲ့ “The Battleship Island” တို့လို ဝင်ငွေကောင်းခဲ့တဲ့ ရုပ်ရှင်တွေမှာ ပါဝင်ခဲ့ပါတယ်။
Ref: ajudaily
You may also like these stories:
COVID-19 ကြောင့် မင်းသား Hugh Jackman ရဲ့ ကော်ဖီဆိုင်ကို ပိတ်လိုက်ရ
ကိုရီးယား အနုပညာရှင်တွေအကြား ပျံ့နှံ့လာတဲ့ မူးယစ်ဆေးသုံးစွဲမှု