ပရိသတ်တွေ လက်ဆေးကြဖို့ တိုက်တွန်းတဲ့ ကမ်ပိန်းလုပ်မယ့် အောင်ခိုင်တို့ အဖွဲ့
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါပိုးရှိတဲ့ လူနာ ၃ ဦး တွေ့ခဲ့ပြီးနောက်မှာ ကျေးဇူးရှင် ပရိသတ်တွေကို လက်ဆေးဖို့ တိုက်တွန်းတဲ့ Campaign (ကမ်ပိန်း) လုပ်မယ်လို့ သရုပ်ဆောင် အောင်ခိုင်က ဆိုပါတယ်။
“လက်ဆေးတာ ပင်ပန်းတာမှ မဟုတ်တာ။ ကျနော်လည်း လက်ဆေးတယ်။ လူဆိုတာ သေမှာကြောက်တဲ့သူချည်းပဲ။ စုစုဝေးဝေး မလုပ်ကြဖို့ ကျန်းမာရေးဌာနက လှုံ့ဆော်နေတာကို ကျနော်တို့တွေက လိုက်နာသင့်ပါတယ်”
“ကိုရိုနာရောဂါ ကာကွယ်ဖို့ လှုံ့ဆော်နေကြချိန်မှာ ကျနော်တို့ ကိုလူချောအဖွဲ့က ငွေရေးကြေးရေး မတတ်နိုင်ဘူး။ သို့သော် ကျနော်တို့ လုပ်အားနဲ့ ကျေးဇူးရှင် ပရိသတ်တွေကို လုပ်အားပေးဖို့ အစီအစဉ်လေးတွေ ရှိပါတယ်။ ၃၅ လမ်း၊ ၃၆ လမ်းမှာ လက်ဆေးကြဖို့ ကျနော်တို့ ၂ ယောက်တွဲ၊ ၃ ယောက်တွဲတွေနဲ့ လက်ဆေးဖို့ တိုက်တွန်းတဲ့ ကမ်ပိန်းလေး လုပ်ပါမယ်”လို့ သရုပ်ဆောင် အောင်ခိုင်က ပြောပါတယ်။
ဆက်လက်ပြီး အောင်ခိုင်က စိုးရိမ်နေကြတဲ့ ပြည်သူတွေကိုလည်း မစိုးရိမ်ကြဖို့ ဆိုပြီး အိမ်မှာနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြဖို့ တိုက်တွန်းထားပါတယ်။
“အန္တရာယ်တွေ ကင်းအောင် ဘာသာတရားလည်း မမေ့ကြပါနဲ့။ စိုးရိမ်ပူပန်မှု ဖြစ်နေကြတဲ့ ပရိသတ်တွေကို စိတ်မပူစေဖို့နဲ့ အိမ်ထဲမှာနေပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ကြပါ။ တကိုယ်ရည် ကျန်းမာရေးလည်း ဂရုစိုက်ကြပါ။ ကျနော်တို့နိုင်ငံသားတွေ ပေါ့ပေါ့ဆဆ မနေကြပါနဲ့။ တကမ္ဘာလုံး ကြောက်ရွံ့နေကြတယ်။ သွားသတိ၊ လာသတိနဲ့ နေကြပါ”
“ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားချက်တွေကို သေချာလိုက်နာကြပါလို့ ပြောချင်ပါတယ်။ သက်ကြီးရွယ်အိုတွေ အပြင်မထွက်တာ အကောင်းဆုံးပါပဲ။ ကိုယ်ခံအားကောင်းအောင် ကောင်းကောင်း စားပါ။ အိပ်ရေးဝအောင် အိပ်ပါ”လို့ အောင်ခိုင်က ပြောပါတယ်။
ကိုလူချောအဖွဲ့အား လှူဒါန်းပေးသူတွေကိုလည်း ကျေးဇူးတင်တယ်ဆိုတဲ့ အောင်ခိုင်က ကိုလူချောအဖွဲ့ကနေလည်း နွမ်းပါးတဲ့ ဘုန်းကြီးကျောင်းတွေကို ပြန်လှူဒါန်းပေးတယ်လို့ ဆိုပါတယ်။
“အိုင်ရင်းလေပြေဦးက သူ့မွေးနေ့အလှူ ကျနော်တို့ ကိုလူချောအဖွဲ့ကို ဆန်၊ ဆီ၊ ဆားတွေ လှူဒါန်းပေးလို့ ကျေးဇူးတင်ပါတယ်။ ကျနော်တို့အဖွဲ့ လူ ၇၀ လောက်ကို အခုလို ရောဂါကြောင့် ဆီတွေ ဝယ်ကြ၊ ဆန်တွေ ဝယ်ကြ လုပ်နေချိန် လာလှူပေးတာတွေလည်း အရမ်းကျေးဇူးတင်ပါတယ်။ ကျနော်တို့ အဖွဲ့က ပိုတာတွေကိုလည်း နွမ်းပါးတဲ့ ဘုန်းကြီးကျောင်းတွေကို သွားလှူပါတယ်”လို့ အောင်ခိုင်က ပြောပါတယ်။
ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြောင့် သေဆုံးသွားတဲ့ လူဦးရေက တနေ့တခြား ပိုတိုးလာပါတယ်။ မြန်မာနိုင်ငံက အနုပညာရှင် တော်တော်များများကလည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တဖက်တလမ်းကနေ တိုက်တွန်းနေကြတာကို တွေ့ရပါတယ်။
You may also like these stories:
မတ်လ ၂၆ ရက်နေ့မှ စပြီး ထိုင်းတွင် အရေးပေါ်အခြေအနေ သတ်မှတ်မည်
ရပ်ရွာတွေမှာ လူထုအားကိုယူပြီး စောင့်ကြည့် သတင်းပေးတဲ့စနစ် လုပ်နေတယ်