Entertainment

COVID-19 ကာကွယ်ဖို့ ကိုယ်ခံအားကောင်းအောင် နေဖို့ အကြံပြုတဲ့ ဇင်ဇင်ဇော်မြင့်

လတ်တလော ကမ္ဘာတဝှမ်း ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ဇင်ဇင်ဇော်မြင့်က ပရိသတ်တွေလည်း စိတ်ပူနေသလို အပြင်ကို မသွားမနေ အခြေအနေအရ ထွက်ဖြစ်ရင်လည်း လက်ဆေးပါလို့ ဆိုပါတယ်။

“အခု ရောဂါတွေ ဖြစ်နေတော့ အဓိကက လက်ဆေးပါ။ Hand Gel ဆောင်ပါ။ အပြင်ကပြန်လာရင်လည်း အဝတ်အစားတွေကို ချွတ်လဲပြီးမှ တခြားလုပ်စရာရှိတာ လုပ်ပါ။ ဟိုသွားဒီသွား လူစုလူဝေးရှိတဲ့ နေရာတွေလည်း အတတ်နိုင်ဆုံး ရှောင်ပါ။ အိမ်ထဲမှာပဲ နေကြပါ။ လူစုလူဝေး များတဲ့နေရာ သွားမှစိတ်ပူရတာ။ အဲ့လို ကာကွယ်ထားရင် အရမ်း အကျိုးသက်ရောက်မယ် မထင်ပါဘူး”လို့ သရုပ်ဆောင် ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

ဇင်ဇင်ဇော်မြင့်တို့ မိသားစုကတော့ လက်ရှိအချိန်မှာ တတ်နိုင်သမျှ အပြင်မထွက်ဘဲ အိမ်မှာပဲနေရင်း ကျန်းမာရေးကို ပိုဂရုစိုက်ဖြစ်တယ်လို့ ဆိုပါတယ်။

“အခု ကျမတို့ မိသားစုကတော့ အပြင် မထွက်ဘဲ အိမ်ထဲမှာပဲ စားချင်တာတွေ လုပ်ပေးတယ်။ သူတို့ကို တချိန်လုံး ကျန်းမာရေးကို ကြည့်တယ်။ ကလေးဆပ်ပြာနဲ့ ဆေးခိုင်းတယ်။ ကိုယ်ခံအားကောင်းအောင်နေရမှာမို့ အစားတော့ များများစားခိုင်းတယ်။ ကိုယ်ခံအားကောင်းရင် ဝင်ဖို့ ခက်ခဲတယ်လေ”

“ကိုယ်ခံအားကောင်းအောင် အိပ်ရေးဝဝလည်း အိပ်ခိုင်းတယ်။ အသီးအရွက်တွေ စားခိုင်းတယ်။ ကလေးတွေက ကျောင်းတွေလည်း ပိတ်ထားတယ်။ အိမ်မှာလည်း သူတို့ အင်တာနက်နဲ့ E-learning သင်နေရတော့ ပညာရေးပိုင်း နှောင့်နှေးသွားတာ မရှိဘူး။ ပရိသတ်တွေလည်း စိတ်ပူတယ်။ အပြင်ကို မသွားမနေရ၊ သွားရရင်လည်း လက်ဆေးပါ။ ကျမ ပြောခဲ့သလိုလေး ဂရုစိုက်လုပ်ပါ”လို့ ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

ဈေးဝယ်စင်တာတွေမှာ စုပြုံဝယ်ယူနေတာကို မလုပ်စေချင်ဘူးလည်း ဇင်ဇင်ဇော်မြင့်က ဆိုပါတယ်။

“အခုဈေးတွေ စုပြုံပြီး ဝယ်တာတော့ မလုပ်စေချင်ဘူး။ အဲ့လို ဝယ်တာတော့ အားမပေးဘူး။ ဆီတို့၊ ဆန်တို့၊ ပဲတို့၊ အခြောက်အခြမ်းတွေသာ ဝယ်ထားပါပေါ့။ အရမ်းမတရားသဖြင့် ဝယ်တာကျတော့ ဆုံးရှုံးမှုတွေ မလိုလားအပ်တဲ့ ကိစ္စတွေ ဖြစ်နိုင်တာပေါ့။ အကုန်လုံးကတော့ စိတ်ပူကြတယ်”

“အခုလက်ရှိဖြစ်နေသလို အစားအသောက်တွေ အရမ်းဝယ်စရာ မလိုပါဘူး။ ပုံမှန်ပဲ ဝယ်ကြပါ။ Market တွေမှာလည်း အုံပြီး ဈေးမဝယ်ပါနဲ့။ လူတွေများတော့ အဲ့ကနေလည်း မမျှော်လင့်ပဲ ဖြစ်နိုင်တယ်။ ဝယ်ရင်လည်း အလှမ်းဝေးကနေ ဝယ်ကြပါ။ မလိုအပ်ရင်လည်း ခရီး မသွားကြပါနဲ့”လို့ ဇင်ဇင်ဇော်မြင့်က ပြောပါတယ်။

ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ (COVID-19) ရောဂါနဲ့ ပတ်သက်ပြီး လတ်တလောမှာတော့ မြန်မာနိုင်ငံကအနုပညာရှင်တွေလည်း ပရိသတ်တွေကို ကျန်းမာရေး ဂရုစိုက်ကြဖို့ ဆိုရှယ်မီဒီယာတွေကနေ တဆင့် တိုက်တွန်း ပြောဆိုလာကြတာကို တွေ့ရပါတယ်။

You may also like these stories:

မတ်လ ၂၆ ရက်နေ့မှ စပြီး ထိုင်းတွင် အရေးပေါ်အခြေအနေ သတ်မှတ်မည်

ဆေးရုံ လူဝင်လူထွက်များ စနစ်တကျ ဆောင်ရွက်ရန် ကျန်းမာရေးဌာန ညွှန်ကြား

Loading