Entertainment

COVID-19 ကာကွယ်ဖို့ ဆောင်ရန်၊ ရှောင်ရန်တွေ ဝေမျှပေးခဲ့တဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ

ကမ္ဘာတဝှမ်း ကူးစက်ပြန့်ပွားခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါဟာ လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ ၃ ဦး တွေ့ရှိထားတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကနေ သတင်း ထုတ်ပြန်ထားပါတယ်။

အခုလို အချိန်ကာလမှာ သက်ဆိုင်ရာက ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို သေသေချာချာ တိတိကျကျ လိုက်နာဖို့လိုကြောင်း သရုပ်ဆောင် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံမှ သူတို့ရဲ့ Facebook စာမျက်နှာကတဆင့် ပရိသတ်တွေကို အခုလိုပဲ ပြောပြထားပါတယ်။

“COVID-19 ပြဿနာတွေက တခြားနိုင်ငံတွေတင် မကဘူး။ ကျနော်တို့ နိုင်ငံကိုပါ ရောက်ရှိလာပါပြီ။ ကျနော်တို့မှာလည်း စိုးရိမ်တဲ့စိတ်၊ ကြောက်တဲ့စိတ်တွေ ရှိပါတယ်။ ဒီလိုစိတ်တွေနဲ့ ဒီကိစ္စကြီးကို ကျော်လွှားနိုင်မှာ မဟုတ်ပါဘူး။ မလိုလားအပ်တဲ့ စိုးရိမ်မှုတွေက မလိုလားအပ်တဲ့ ပြဿနာတွေကို ပိုပြီးဖြစ်စေလိမ့်မယ်လို့ ထင်ပါတယ်”

“သက်ဆိုင်ရာကနေ ထုတ်ပြန်ပေးထားတဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ အများကြီး ရှိပါတယ်။ ဒီအချက်အလက်တွေကို ကျနော်တို့က သေသေချာချာ လေ့လာပြီးတော့မှ တိတိကျကျ လိုက်နာဖို့ လိုအပ်ပါတယ်”လို့ သရုပ်ဆောင် ပြေတီဦးက ပြောပါတယ်။

ဒီပြဿနာက တနိုင်ငံလုံးရဲ့ပြဿနာ ဖြစ်တဲ့အတွက် အားလုံး တက်ညီလက်ညီ အခက်အခဲကို ကျော်လွှားနိုင်ဖို့လည်း ပြေတီဦးက အခုလိုပဲ ဆိုပါတယ်။

“ဒီပြဿနာက တနိုင်ငံလုံးရဲ့ပြဿနာ၊ မိသားစုအားလုံးရဲ့ပြဿနာ ဖြစ်တဲ့အတွက် စိတ်အေးအေးထားပြီး တက်ညီလက်ညီနဲ့ သက်ဆိုင်ရာက ထုတ်ပြန်ထားတာကို လိုက်နာရင် ဒီအခက်အခဲကို ကျော်လွှားနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ တနိုင်ငံလုံးမှာရှိကြတဲ့ မိသားစုဝင်များ အားလုံး ပျော်ရွှင်စရာနေ့ရက်တွေ ပိုင်ဆိုင်နိုင်ကြပါစေ”လို့ ပြေတီဦးက ပြောထားပါတယ်။

သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကလည်း ပရိသတ်တွေ အားလုံးကို ကျန်းကျန်းမာမာ ဖြစ်စေချင်ပြီး ကိုယ့်အိမ်မှာ ကိုယ်နေပြီး အိမ်ပြင်မထွက်ကြပါနဲ့လို့ ဆိုပါတယ်။

“အဓိကကတော့ ကိုယ့်အိမ်မှာ ကိုယ်နေပြီးတော့ အိမ်ပြန်မထွက်ကြဖို့၊ ကိုယ့်မိသားစု၊ ကိုယ့်ပတ်ဝန်း ကျင်၊ ကိုယ့်နိုင်ငံအတွက် ကာကွယ်ဖို့ အရေးကြီးပါတယ်။ မဖြစ်မနေ အပြင်သွားရတယ်၊ အလုပ်လုပ် ရတယ် ဆိုရင်လည်း လူစုလူဝေးရှိတဲ့ နေရာတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပေးပါ”

“အရမ်း အရေးကြီးဆုံးကတော့ လက်ဆေးဖို့ပေါ့။ လက်ဆေးတဲ့အခါမှာ စနစ်တကျဖြစ်ဖို့နဲ့ မကြာခဏ ဆေးပေးဖို့ လိုအပ်ပါတယ်။ နှာချေမယ်၊ ချောင်းဆိုးမယ် ဆိုရင်လည်း နှာခေါင်းတို့ ပါးစပ်တို့ကို တစ်ရှူးနဲ့ အုပ်ပေးသင့်ပါတယ်။ အရေးကြီးတာက လူအများကြီးရှိတဲ့ နေရာမှာ တံတွေးထွေးခြင်းကိုလည်း ရှောင်ကြဉ်ပေးပါ။ ပရိသတ်တွေအားလုံးကို ကျန်းကျန်းမာမာ ဖြစ်စေချင်ပါတယ်”လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။

ကမ္ဘာအနှံ့မှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြောင့် သေဆုံးသွားတဲ့ လူဦးရေ တနေ့တခြား ပိုတိုးလာပြီး မြန်မာနိုင်ငံက အနုပညာရှင်တွေကလည်း အခုချိန်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျန်းမာရေး ဂရုစိုက်ကြဖို့ တဖက်တလမ်းကနေ တိုက်တွန်းနေကြပါတယ်။

You may also like these stories:

COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာ လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်

COVID-19 ကာကွယ်ဖို့ ကိုယ်ခံအားကောင်းအောင် နေဖို့ အကြံပြုတဲ့ ဇင်ဇင်ဇော်မြင့်

ပရိသတ်တွေ လက်ဆေးကြဖို့ တိုက်တွန်းတဲ့ ကမ်ပိန်းလုပ်မယ့် အောင်ခိုင်တို့ အဖွဲ့

Loading