မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး ရှိတဲ့ လူနာ ၃ ဦးတွေ့ရှိခဲ့ပြီးနောက် တတ်နိုင်သလောက် အိမ်မှာပဲနေကြပါလို့ သရုပ်ဆောင် ဇဏ်ခီက Facebook စာမျက်နှာကတဆင့် ပရိသတ်တွေကို ပြောပါတယ်။
“COVID-19 ရောဂါကို ကျနော်တို့လည်း အားလုံးနဲ့ အတူတူ ကျော်ဖြတ်နေကြတယ်။ တတ်နိုင်သလောက် ဘယ်မှ မသွားဖြစ်အောင် ကြိုးစားတယ်။ သွားဖို့ အရမ်းလိုအပ်လာမှ အပြင်ထွက်တယ်။ အာလုံးကိုလည်း ကျနော် တိုက်တွန်းပါတယ်။ ဘယ်မှ မသွားကြပါနဲ့။ မဖြစ်မနေ ထွက်စရာရှိရင် မြန်မြန်ဆန်ဆန် ထွက်ပြီး အိမ်ထဲမှာပဲနေဖို့ တိုက်တွန်းပါတယ်”လို့ သရုပ်ဆောင် ဇဏ်ခီက ပြောပါတယ်။
“COVID-19 ရောဂါက တရုတ်က စတယ်။ ပြီးတော့ UK တို့မှာလည်း ဖြစ်နေတယ်။ တကယ်ဖြစ်ပြီဆို ထိန်းရခက်တဲ့အတွက် ကျန်းမာရေးဝန်ထမ်းတွေက အိမ်ထဲမှာ နေခြင်းဖြင့် ကူညီပေးပါ ပြောနေတယ်။ တကယ်လည်း ထိရောက်မှု ရှိတယ်။ အာလုံးလည်း အိမ်ထဲမှာ နေပေးဖို့ တိုက်တွန်းပါတယ်။ မေတ္တာ ရပ်ခံပါတယ်”လို့ ဇဏ်ခီက ဆိုပါတယ်။
ဆက်လက်ပြီး ဇဏ်ခီက စိုးရိမ်မှုတွေ အများကြီး မရှိဘဲ အိမ်မှာနေချိန်မှာလည်း ကိုးကွယ်ရာ ဘာသာ အသီးသီးက စိတ်ကို တည်ငြိမ်အောင် ကြိုးစားကြဖို့ အခုလိုပဲ ပြောပါတယ်။
“ဒီရက်တွေမှာ စာအုပ်တွေ ဖတ်လို့ရတယ်။ ရုပ်ရှင်တွေ ကြည့်လို့ ရတယ်။ မိသားစုနဲ့ မုန့်တွေ လုပ်စားလို့ရတယ်။ အခုလိုချိန်က မိသားစုတွေ တွေ့ဆုံဖို့ အကောင်းဆုံးအချိန်ပဲ။ အဲ့လိုလုပ်ခြင်းဖြင့် ကူညီရာရောက်ပါတယ်။ စိုးရိမ်မှုတွေ အများကြီး မရှိဘဲနဲ့ တတ်နိုင်သမျှ အိမ်မှာပဲ နေပေးပါ။ ကိုးကွယ်ရာ ဘာသာအသီးသီးမှာ စေတနာ၊ သဒ္ဒါထည့်ပြီး စိတ်ကို တည်ငြိမ်အောင် ကြိုးစားလို့ ရပါတယ်”
“ကျနော်လည်း ပဋ္ဌာန်း ရွတ်ဖြစ်တယ်။ ရတနသုတ် ရွတ်ဖြစ်တယ်။ မေတ္တာပို့နည်းတွေနဲ့ တကမ္ဘာလုံးမေတ္တာပို့တယ်။ အာလုံးအတွက် ဆုတောင်းတယ်။ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကပ်ဘေးကနေ လွတ်မြောက်ကြပါစေ။ ကျန်းမာချမ်းသာကြပါစေ”လို့ ဇဏ်ခီက ပြောပါတယ်။
COVID-19 ရောဂါကြောင့် သေဆုံးသွားတဲ့ လူဦးရေတွေ ကမ္ဘာတဝှမ်းမှာ တနေ့တခြား ပိုတိုးလာပြီး လက်ရှိ အချိန်မှာ မြန်မာနိုင်ငံက အနုပညာရှင်တွေကလည်း COVID-19 နဲ့ ပတ်သက်ပြီး မျှဝေမှုများ ဆိုရှယ် မီဒီယာကနေတဆင့် ပြုလုပ်လာကြပါတယ်။
You may also like these stories:
“မုန့်ဟင်းခါး ရောင်းလိုက်မိတာ ကံကောင်းသွားတယ်”လို့ သရုပ်ဆောင် မိုးဒီ ပြော
COVID-19 ကာကွယ်ဖို့ ကိုယ်ခံအားကောင်းအောင် နေဖို့ အကြံပြုတဲ့ ဇင်ဇင်ဇော်မြင့်