ကမ္ဘာတဝှမ်း ဖြစ်ပွားနေတဲ့ ကိုရိုနာ ကပ်ရောဂါကြောင့် ရိုက်ကူးရေးတွေ ရပ်နားထားရပြီး ဇနီးဖြစ်သူနဲ့ ကွာရှင်းထားတဲ့ မင်းသား Jeremy Renner က ကလေးစရိတ် ထောက်ပံ့ပေးငွေ လျှော့ချပေးဖို့ တောင်းဆိုလိုက်ပါတယ်။
အသက် ၄၉ နှစ်အရွယ် မင်းသားဟာ အသက် ၆ နှစ်အရွယ် သမီးလေး Ava အတွက် ကလေးစရိတ်ကို ဇနီးဟောင်း Sonni Pacheco ထံ လက်ရှိ ပေးနေရတာဖြစ်ပြီး ဒေါ်လာ ၃ သောင်းအထိ လျှော့ချပေးဖို့ မတ်လ ၂၃ ရက်နေ့မှာပဲ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
ဒီတနှစ်တာ ကာလအတွက် အလုပ်တွေကို လက်ခံထားတာ ရှိပေမယ့် ဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် ဖျက်သိမ်းလိုက်ရတာတွေ ရှိကြောင်း မင်းသားက ပြောဆိုထားပါတယ်။
“Avengers” ရုပ်ရှင်တွေလည်း အဆုံးသတ်သွားပြီဖြစ်တာကြောင့် အခု ၂၀၂၀ ပြည့်နှစ်ဟာ အကျိုးအမြတ် များများ ရမယ့် ကာလဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို မင်းသားက သိထားပေမယ့် ငွေကြေး အထောက်အပံ့ ရစေမယ့် လမ်းကြောင်းတချို့ကို မင်းသားက လက်ရှိမှာ ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။
TMZ မီဒီယာရဲ့အဆိုအရ တရားရုံးထံတင်တဲ့ လျှောက်လွှာမှာ မင်းသားက “အခုနှစ်ကုန် မတိုင်မီအထိ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းအများစုကို ပြန်လည် စတင်နိုင်မှာ မဟုတ်ပါဘူး။ အဲ့ဒါကြောင့် ကျနော် ဒီနှစ်အတွက်မှာ ရိုက်ကူးဖို့ စီစဉ်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေကို ဖျက်သိမ်းတာ ရွှေ့ဆိုင်းတာ လုပ်ဆောင်လိုက်ရပါပြီ” လို့ ဖော်ပြထားကြောင်း သိရပါတယ်။
အခုလိုမျိုး ကလေးစရိတ်ကို အထူးတလည် လျှော့ချပေးဖို့ မင်းသားက တောင်းဆိုထားတာ မရှိပေမယ့် သမီးလေးရဲ့ နေထိုင်ခ၊ အစားအသောက်၊ သယ်ယူပို့ဆောင်ရေးနဲ့ အဝတ်အစား စရိတ်ဟာ တလကို ဒေါ်လာ ၁၁,၀၀၀ လိုအပ်တယ်လို့ ယုံကြည်ထားပါတယ်။
သူ့ရဲ့ဇနီးဟောင်းကလည်း အဲ့ဒီကလေး စရိတ်တွေကို နေထိုင်မှု စရိတ်နဲ့ အခုလိုမျိုး သားသမီး အုပ်ထိန်းခွင့် အမှုတွေရဲ့ ကုန်ကျစရိတ်အဖြစ်အသုံးချနေတယ်လို့လည်း မင်းသားက အခိုင်အမာ ပြောထားပါတယ်။ ဒ့ါအပြင် မင်းသားက သမီးလေးရဲ့ အကောင့်ထဲမှာရှိနေတဲ့ ရန်ပုံငွေကို သူ့ရဲ့ စီးပွားရေးဆိုင်ရာ မန်နေဂျာတွေက တဆင့် ထိန်းချုပ်ခွင့်ရရေး တရားသူကြီးတွေဆီမှာ တောင်းဆိုထားပါတယ်။
မော်ဒယ်၊ မင်းသမီး Sonni နဲ့ မင်းသား Jeremy တို့ဟာ အိမ်ထောင်သက် ၁၀ လအကြာ ၂၀၁၄ ခုနှစ်အတွင်းမှာ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ မင်းသားဟာ ဇနီးဟောင်းနဲ့ သူ့ကိုယ်သူ ပစ်သတ်ဖို့ ကြိုးပမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
Ref: asiaone