မြန်မာနိုင်ငံမှာ (COVID-19) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် အခုလိုကာလမှာ နွမ်းပါးတဲ့ သရုပ်ဆောင်တွေအနေနဲ့ ဝယ်ခြမ်း စားသောက်ဖို့ အခက်အခဲရှိတယ်လို့ လူကြမ်း သရုပ်ဆောင် ကိုကိုဦးက ပြောပါတယ်။
“ကျနော်တို့အတွက် အခက်အခဲက ရှိတယ်။ အလုပ် မရှိဘူး၊ ဝင်ငွေလည်း မရှိဘူး။ ဝယ်ခြမ်းစားသောက်ဖို့ဆိုတာ တနေ့လုပ်မှ တလုတ်စားရတာမို့ ခက်ခဲတာပေါ့။ ကပ်ဆိုးလည်းအမြန်ဆုံး ပြီးဆုံးပါစေလို့ ဆုတောင်းပါတယ်။ ဆေးဝါးတွေလည်း မြန်မြန် ရပါစေလို့ ဆုတောင်းပါတယ်။ ပေါ့ပေါ့ဆဆ မနေကြပါနဲ့။ ကောလာဟလ သတင်းတွေလည်း မယုံကြပါနဲ့”လို့ ကိုကိုဦးက ပြောပါတယ်။
ဆက်လက်ပြီးလည်း ကိုကိုဦးက COVID-19 ရောဂါနဲ့ ပတ်သက်ပြီး တီဗီကနေ လွှင့်တဲ့ နည်းစနစ်တွေ အတိုင်း လိုက်နာကျင့်သုံးကြပါလို့လည်း ဆိုပါတယ်။
“ကိုရိုနာရောဂါကို ဂရုစိုက်ကြပါ။ တီဗီကနေလွှင့်တဲ့ နည်းစနစ်အတိုင်း ကျင့်သုံးပါ။ သတိလည်းထား ကြပါ။ ကျနော်တို့ ကိုလူချောအဖွဲ့ တူညီ ဝတ်စုံတွေနဲ့ လက်ဆေးဖို့ တိုက်တွန်းတဲ့ ကမ်ပိန်းလေးလည်း လုပ်ဖြစ်ပါတယ်။ သူများနိုင်ငံမှာ ကြီးကြီးကျယ်ကျယ်ဖြစ်နေတာ ကျနော်တို့ နိုင်ငံမှာ ကြိုတင်ကာကွယ်မှုတော့ ရတာပေါ့”
“ဒီမှာ ၃ ယောက် တွေ့တယ်ဆိုတော့ နည်းနည်း လန့်တာပေါ့။ အခုချိန်မှာ အပြင်သွားခဲ့ပြီး ပြန်လာရင် လက်ဆေး၊ ရေချိုးခန်းထဲသွား အဝတ်တွေ တန်းလျှော်ရတာပေါ့”လို့ ကိုကိုဦးက ပြောပါတယ်။
ကိုလူချောအဖွဲ့ဝင် လူကြမ်းသရုပ်ဆောင် ခွန်ချိုကလည်း ရောဂါကပ်ဆိုးကနေ မြန်မြန်ပြီးပါစေလို့ ဆုတောင်းပေးပြီး ကောလာဟလ သတင်းတွေကို မယုံကြဖို့ ပြောပါတယ်။
“ဒီကပ်ဆိုးကနေ မြန်မြန်ပြီးပါစေလို့ ဆုတောင်းပါတယ်။ ကောလာဟလသတင်းတွေလည်း မယုံကြပါနဲ့။ ကောလာဟလ ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ရောဂါကတော့ တကမ္ဘာလုံးဖြစ်နေတာ သတိထားကြပါ။ သတင်းမှန်တွေကို ကြည့်ပေးပါ။ လက်ဆေးကြပါ။ သတင်းကြည့်ဖို့တော့ တိုက်တွန်းပါတယ်”လို့ လူကြမ်းသရုပ်ဆောင် ခွန်ချိုက ပြောပါတယ်။
ကမ္ဘာတဝန်းမှာ COVID-19 ရောဂါကြောင့်သေဆုံးသွားတဲ့ လူဦးရေ တနေ့တခြား ပိုတိုးလာပြီး လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်ခံရသူ ၃ ဦး ရှိလာတဲ့အတွက် မြန်မာနိုင်ငံက အနုပညာရှင်တွေ အနေနဲ့လည်း COVID-19 နဲ့ ပတ်သက်တဲ့ အသိပညာ မျှဝေပေးမှုတွေ ပြုလုပ်လာကြတာ တွေ့ရပါတယ်။
You may also like these stories:
အိမ်ရာမဲ့တဦးကို အစားအစာ ဝေပေးတာကြောင့် ချီးကျူးခံနေရတဲ့ မလေးရှားက Foodpanda
မလေးရှားနိုင်ငံအား Lockdown ပြုလုပ်မှု ဧပြီလလယ်အထိ တိုးမြင့်ထား
ကိုရိုနာကြောင့် ရိုက်ကူးရေး မရှိလို့ ကလေးစရိတ် လျှော့ချပေးဖို့ Jeremy Renner တောင်းဆို