COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်း အိမ်မှာပဲ နေပေးကြဖို့ သရုပ်ဆောင် ခါရာက ပြောပါတယ်။
“လူထူထပ်တဲ့ နေရာတွေ မလိုအပ်ဘဲ မသွားဖို့၊ လက်ဆေးဖို့ ပြောချင်ပါတယ်။ အချင်းချင်း ထိရုံနဲ့ မကူးဘူး။ ရောဂါဖြစ်နေတဲ့သူက ချောင်းဆိုးလိုက်တာ၊ စကားပြောတာတို့ဆို ထွက်လာတဲ့ အမှုန်အမွှားတွေကြောင့် ကူးစက် ပြန့်ပွားဖို့ ဖြစ်လာတာပေါ့။ အဲ့အတွက် လူထူထပ်တဲ့နေရာတွေ မသွားဖို့နဲ့ လက်ကို အရက်ပြန်၊ ဂွမ်းတို့နဲ့ ဆေးကြောပြီး ကျန်းမာရေး ဂရုစိုက်စေချင်တယ်”လို့ ခါရာက ပြောပါတယ်။
ဆက်လက်ပြီး ခါရာက သူ့အနေနဲ့လည်း လက်ရှိ အချိန်မှာ ရိုက်ကူးရေးတွေ နားထားပြီး ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားတဲ့အတိုင်း ကိုယ်တိုင်လည်း အိမ်မှာပဲ နေတယ်လို့ ဆိုပါတယ်။
“ကျနော်တို့ ရိုက်ကူးရေးတွေလည်း နားထားတယ်။ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း အိမ်မှာပဲ နေပေးကြပါ။ ကျနော် ကိုယ်တိုင်လည်း အိမ်ထဲမှာပဲ နေပါတယ်။ ကောလာဟလသတင်းတွေ ထွက်နေတာ မကောင်းပါဘူး”
“ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ထုတ်ပြန်တာပဲ ယုံကြပါ။ တခြားသတင်းတွေ မယုံပါနဲ့လို့ ပြောချင်တယ်။ လူတွေကို ထိတ်လန့်အောင် လုပ်နေတာလည်း မကောင်းဘူး။ ကျနော်တို့ တက်ညီလက်ညီနဲ့ တွန်းလှန်ရင် အောင်မြင်မယ်လို့ ယုံကြည်တယ်”လို့ ခါရာက ပြောပါတယ်။
အခုလို အချိန်မှာ ပစ္စည်းတွေ ဈေးတင်ရောင်းတာကိုလည်း ရှက်သင့်တယ်လို့ ခါရာက ဆိုပါတယ်။
“ပစ္စည်းတွေ ဈေးတင်ရောင်းတာ ရှက်သင့်တယ်လို့ ထင်တယ်။ အခွင့်ရေးသမားတွေပေါ့။ ကျနော်ကတော့ မကြိုက်ဘူး။ တချို့တွေ စနစ်တကျနဲ့ ရောင်းပေးတာတို့ ဈေးချ ရောင်းပေးတာတို့ တွေ့တယ်။ အရမ်း သဘောကျတယ်။ ဒီအချိန်မှာ စည်းလုံးရမှာ ဈေးတွေ ၂ ဆလောက် တင်ရောင်းတာတော့ ရှုတ်ချတယ်။ သူတို့ ရှက်သင့်တယ်လို့ ထင်တယ်။ ပရိသတ်တွေ မလိုအပ်ဘဲ အပြင်မထွက်ဖို့ ပြောချင်တယ်။ မိသားစုတွေနဲ့ ပျော်စရာတွေ ကျော်ဖြတ်ပြီး စကားတွေပြောလို့ ရတာပေါ့”
“ကျနော်က ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေ သိထားတာတွေကို ဆရာဝန်ကို မေးပြီး Youtube မှာ တင်ထားတယ်။ လိပ်ပြာအဖွဲ့သား သရုပ်ဆောင် ၄ ယောက်ကလည်း လက်ဆေးတဲ့ အက ဗီဒီယိုဖိုင်လေး တင်ပေးသွားမှာ ဖြစ်ပါတယ်။ အခုဆို စက်ရုံတွေ ပိတ်လိုက်တယ် ဆိုတော့ နေ့စားတွေ အရမ်း ခက်ခဲနေကြတယ်။ တတ်နိုင်သလောက်လည်း ကူညီဖို့ ရှိတယ်။ သွားလှူရင် လူစုဝေးလည်း ဖြစ်မှာစိုးလို့ ဘယ်လို ကူညီလို့ရမလဲ စီစဉ်နေပါတယ်”လို့ ခါရာက ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး Positive လူနာ ၅ ဦး တွေ့ရှိထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံက အနုပညာရှင်တွေ အနေနဲ့လည်း COVID-19 နဲ့ ပတ်သက်ပြီး လက်ဆေးဖို့၊ အိမ်မှာနေကြဖို့နဲ့ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ ပရိသတ်တွေကို တိုက်တွန်းထားပါတယ်။
You may also like these stories:
ထိုင်းမှ လွှဲပေးသည့် မြန်မာ ၉၂ ဦးတွင် ကိုရိုနာစောင့်ကြည့်လူနာ ၁၁ ဦးတွေ့
ကိုရိုနာဂယက် လေကြောင်းလိုင်းတွေ အကျပ်
စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်