ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါနဲ့ ပတ်သက်ပြီး အွန်လိုင်းပေါ်က သတင်းတွေထက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေပဲ ယုံကြပါလို့ ယွန်းဝတီလွင်မိုးက ဆိုရှယ်မီဒီယာကနေ အကြံပြု ပြောဆိုလိုက်ပါတယ်။
“လက်ရှိ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ အချက်အလက်လေးတွေ ပြောပြချင်ပါတယ်။ ရောဂါက အရာဝတ္ထုတွေပေါ်မှာ ကပ်နိုင်တာကြောင့် လက်ကို ဆပ်ပြာနဲ့ ဆေးဖို့၊ Hand Gel သုံးဖို့၊ ကျန်းမာရေးဌာနက လမ်းညွှန်တဲ့အတိုင်း နေကြဖို့ လိုပါတယ်။ အပြင် မလိုအပ်ဘဲ မထွက်ကြပါနဲ့။ အွန်လိုင်းတွေကနေ တင်တဲ့ သတင်းထက် ကျန်းမာရေးဌာနက သတင်းတွေပဲ ယုံကြပါ”လို့ ယွန်းဝတီလွင်မိုးက ပြောပါတယ်။
ဆက်လက်ပြီး ယွန်းဝတီလွင်မိုးက ဒီလို အချိန်ကာလမှာ ဆန်တွေ၊ ဆေးဝါးတွေ လိုသလောက်ပဲ ဝယ်ယူကြဖို့ကိုလည်း အခုလိုပဲ တိုက်တွန်းထားပါတယ်။
“ဆန်တွေ၊ ဆေးဝါးတွေ လုံလောက်သလောက်ပဲ ဝယ်ကြပါ။ စီးပွားရေးသမားတွေအတွက်ရော လိုအပ်နေတဲ့သူတွေအတွက် အခက်အခဲတွေ ဖြစ်စေပါတယ်။ လိုအပ်သလောက်ပဲ ဝယ်ကြပါ။ နေမကောင်းချင်သလိုဖြစ်လို့၊ ခေါင်းမူးလို့ ဘာကြောင့်ပဲဖြစ်ဖြစ် ဆရာဝန်ကို ဖုန်းဆက်မေးကြပါ။ ကိုယ့်ကားနဲ့ ကိုယ်သွားတာပဲ ဆိုတာတွေ မလုပ်ကြပါနဲ့။ အချိန်မှန်မှန်စား၊ အချိန်မှန်မှန် အိပ်ပါ။ ဘုရားရှိခိုးပါ၊ မေတ္တာပို့ပါ”လို့ ယွန်းဝတီလွင်မိုးက ဆိုပါတယ်။
ပြည်ပကနေ ပြန်လာကြတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း လူအချို့က ဆဲဆိုနေကြတဲ့အပေါ် လည်း ယွန်းဝတီလွင်မိုးက သူ့ Facebook စာမျက်နှာမှာ အခုလိုပဲ ရေးသားတင်ထားပါတယ်။
“သူများတွေ နိုင်ငံအတွက် ဘာတွေကူညီနိုင်မလဲ စဉ်းစားပြီး ကူညီနေကြ၊ ပြင်ဆင်နေကြချိန်၊ Volunteer အတွက် စာရင်းပေးထားကြချိန်၊ စည်းကမ်းတွေ အတိအကျ လိုက်နာနေကြချိန်မှာ ဟိုလူတွေပြန်လာလို့၊ ဒီလူတွေကြောင့်၊ အပြစ်ထိုင်ပြော၊ Facebook ကနေ ဆဲဆိုအကုသိုလ် များနေတဲ့သူတွေ ကိုယ့် Friend ထဲမှာ တွေ့တယ်။ Quarantine ၁၄ ရက်နေဖို့ ကြိုးစားတိုက်တွန်း ပြောဆို ရေးသားနေကြတဲ့သူတွေကို ပြောတာမဟုတ်ပါဘူး။ ရိုင်းဆိုင်းစွာ ဆဲဆိုနေကြတဲ့သူတွေကို ဆိုလိုပါတယ်”
“ဈေးတွေ မတန်တဆ တင်ရောင်းနေတဲ့ Online Shop တွေ တွေ့တယ်။ ကိုယ့်နိုင်ငံသား ဘယ်သူမဆို ကိုယ်နိုင်ငံကို ပြန်လာတာ နွေးထွေးစွာ ကြိုဆိုရမှာပါ။ သာမန်အလုပ်သမားတွေ ပြန်လာတာလည်း ကိုယ့်နိုင်ငံသားတွေပဲလေနော်။ သူတို့ စည်းကမ်းတကျ နေဖို့ကိုတော့ အားလုံးကြိုးစား တိုက်တွန်းရမှာပေါ့နော်။ ကလေးတွေအားလုံးလည်း ကိုယ့်မိဘဆီပြန်လာချင်ကြရှာမှာပဲလေ”
“ပြန်မလာနိုင်တဲ့ ကလေးတွေရော၊ ပြန်လာကြတဲ့ ကလေးတွေရော အားလုံး၊ ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာကြပါစေ။ အားလုံး ကိုယ်ချင်းစာ စိတ်လေးထားပြီး ဒီခက်ခဲတဲ့ ကာလတွေကို ပူးပေါင်းဖြတ်ကျော်နိုင်ကြပါစေ”လို့ ယွန်းဝတီလွင်မိုးက ရေးသားထားပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး Positive လူနာ ၅ ဦး တွေ့ရှိထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး လတ်တလောမှာတော့ အနုပညာရှင်များက ဆောင်ရန်၊ ရှောင်ရန် အချက်များ ဆိုရှယ်မီဒီယာကတဆင့် မျှဝေပေးနေကြပါတယ်။