ပြည်တွင်းမှာသာမက ထိုင်း၊ ကမ္ဘောဒီးယား စတဲ့နိုင်ငံတွေ အထိပါ ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သရုပ်ဆောင် ပိုင်တံခွန်ကတော့ COVID-19 ရောဂါကြောင့် လွန်ခဲ့တဲ့ ၄၅ ရက်ကတည်းက ပြည်ပက ကမ်းလှမ်းထားသမျှ ရုပ်ရှင်တွေ အားလုံးကို Cancel လုပ်ထားတယ်လို့ ဆိုပါတယ်။
အဆိုပါ COVID-19 ကြောင့် သူများနိုင်ငံသွားပြီး ကိုယ်ကူးတာ အကြောင်း မဟုတ်ပေမယ့် ကိုယ့်ကြောင့် ကိုယ့်မိသားစု၊ ကိုယ့်ပရိတ်သတ်၊ ကိုယ့်ပတ်ဝန်းကျင် ကူးမှာစိုးလို့ အလုပ်တွေ အားလုံးရပ်နားခဲ့တယ်လို့ ပိုင်တံခွန်က သူ့ရဲ့ Facebook အကောင့်မှာ အခုလိုပဲ ရေးသားတင်ထားပါတယ်။
“ဝူဟန်ဗိုင်းရပ်စ် (COVID-19) ဆိုပြီး မြန်မာက လူတွေ သတိမထားမိတဲ့အချိန်၊ သူများ နိုင်ငံတွေ Lockdown မလုပ်ခင်ချိန် လွန်ခဲ့တဲ့ ၄၅ ရက်လောက်တည်းက ကျနော်ကို ကမ်းလှမ်းထားတဲ့ နိုင်ငံခြားက ရုပ်ရှင်တွေအားလုံး ကျနော် Cancel ခဲ့တယ်။ ကျနော့်လို အနုပညာ ကြိုးစားဆဲ လူတယောက်အတွက် အာရှနိုင်ငံကြီးက ရုပ်ရှင်တွေမှာ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ရမယ့် အခွင့်အရေးက တကယ်ကြီးပါတယ်”
“ဒါပေမဲ့ ဒီအခွင့်အရေးတွေထက် အရေးကြီးတာက ကျနော့်တို့အသက်၊ ကျနော်တို့ ချစ်ရတဲ့ လူတွေရဲ့အသက်၊ သူများနိုင်ငံသွားပြီး ကိုယ်ကူးတာ အကြောင်း မဟုတ်ပေမယ့် ကိုယ့်ကြောင့် ကိုယ့်မိသားစု၊ ကိုယ့်ပရိတ်သတ် ကိုယ့်ပတ်ဝန်းကျင် ကူးမှာစိုးလို့ အခုလို အလုပ်တွေ အားလုံးရပ်နားခဲ့ပြီး အိမ်မှာနေရခြင်းဖြစ်ပါတယ်”လို့ ပိုင်တံခွန်က ဆိုပါတယ်။
အသက်ရှင်သန်ဖို့အတွက် အပြင်မှာ ငွေရှာရင်း ဒီငွေက ကိုယ့်ဘဝရဲ့ နောက်ဆုံးရှာခြင်း ဖြစ်သွားနိုင်တာကြောင့် သတ်မှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာကြရအောင်လို့လည်း ပိုင်တံခွန်က ဆိုပါတယ်။
“လူတိုင်းက အသက်ရှင်သန်ဖို့အတွက် ငွေရှာကြတယ်။ ငွေရှိမှ အရာရာတိုင်းနီးပါး ဖြည့်ဆည်းနိုင်မှာဆိုတော့ မပြည့်စုံတဲ့ ဘဝတွေ တနေ့လုပ်မှ တနေ့စားရတဲ့ လူတွေအတွက်က ပိုလိုအပ်တာပေါ့ဗျာ”
“ဒါပေမဲ့ အခုဒီချိန်မှာ မမြင်နိုင်တဲ့ ဒီရောဂါကြောင့် အသက်ရှင်သန်ဖို့အတွက် အပြင်မှာ ငွေရှာရင်း ဒီငွေက ကိုယ့်ဘဝရဲ့ နောက်ဆုံးရှာခြင်းလည်း ဖြစ်သွားနိုင်ပါတယ်။ မဖြစ်မနေ ရှာရရင်လည်း ရောဂါကာကွယ်တဲ့ အကာကွယ်တွေ၊ သတ်မှတ်ထားတဲ့ စည်းကမ်းတွေ လိုက်နာကြရအောင်ခင်ဗျာ။ ဆရာဝန်တွေ သူနာပြုတွေကိုလည်း သနားသောအားဖြင့်”လို့ ပိုင်တံခွန်က ဆိုပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး Positive လူနာ ၈ ဦး တွေ့ရှိထားတယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး လတ်တလော အနုပညာရှင်များက ဆောင်ရန်၊ ရှောင်ရန် အချက်များ ဆိုရှယ်မီဒီယာကတဆင့် မျှဝေပေးနေကြပါတယ်။