Entertainment

“Go Away Corona” သီချင်းအကြောင်း ပြောပြတဲ့ အဆိုတော် ဖြိုးပြည့်စုံ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာတဝှမ်းမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါက မြန်မာနိုင်ငံမှာလည်း ကူးစက်ခံရသူများ တွေ့ရှိထားပြီး မကြာသေးခင်က “Go Away Corona” ဆိုတဲ့ သီချင်းကို သီဆိုဖြစ်တဲ့ အကြောင်း အဆိုတော် ဖြိုးပြည့်စုံက အခုလို ပြောပြထားပါတယ်။

“ကျနော်တို့ ကျန်းမာရေး ဝန်ကြီးဌာနက ခွင့်ပြုချက်ကိုလည်း ရယူပြီး ဆိုတာပေါ့။ ရေးထားတာတော့ ဆရာဝန် ဒေါက်တာ ဖြိုးဝေလင်းက ရေးပေးထားပြီး ဂီတပိုင်းကို သားသားက တာဝန်ယူထားတယ်။ Rap ကိုတော့ မိစန္ဒီက ဆိုထားတယ်”

“Go Away Corona” သီချင်း

“အကြောင်းအရာက COVID-19 က ဖြစ်နေပြီ။ ဘယ်လိုတွေ ကာကွယ်ကြမလဲ ဆိုတာကိုလည်း ထပ်ခါထပ်ခါ ပြောနေကြပေမယ့် ပိုသိအောင် သီချင်းတွေနဲ့ မှတ်မိစေချင်တာကို ရည်ရွယ်ပြီး ကျနော်တို့ အားလုံး အတူတူ တွန်းလှန်ရမယ်ဆိုတာကို စိတ်ခွန်အားပေးတာရယ်၊ လူစုလူဝေး မသွားဖို့၊ Mask တပ်ဖို့၊ လက်ဆေးဖို့ အကြောင်းအရာတွေကို တိုက်တွန်းထားတာပါ”

“ကျနော်ပါဝင် ကူညီခွင့်ရတဲ့အတွက် ဖိတ်ခေါ်ပေးသူတွေကို ကျေးဇူးတင်ပါတယ်။ မနေ့က တင်လိုက်ချိန်မှာ အကောင်းမြင်ပေးကြလို့ ပျော်ပါတယ်”လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

အဆိုတော် ဖြိုးပြည့်စုံကတော့ COVID-19 ရောဂါအတွက်လည်း အလှူငွေ ကောက်ခံတဲ့ နေရာမှာ လူငယ်တဦးအနေနဲ့ ပါဝင်ထားပြီး လှူဒါန်းဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။

“ကျနော် ကိုရိုနာအတွက် အလှူတွေ ကောက်ခံတဲ့ နေရာမှာလည်း လူငယ်အနေနဲ့ ပါဝင်ပေးထားတယ်။ ကျနော်တို့ ကောက်လို့ရတာတွေ လိုအပ်တဲ့ နေရာတွေမှာ လှူဖို့တော့ လုပ်ထားတယ်။ ဦးဆောင်တဲ့ အစ်ကို၊ အစ်မတွေတော့ ရှိတယ်။ အခုက ကျနော်တို့ တကမ္ဘာလုံး ခံရတာပေါ့။ ကျနော်တို့က သတိနဲ့ ဆင်ခြင်နေကြရမယ်။ အခုလူတွေက အပြင်မထွက်ကြတော့တဲ့အတွက် အောက်ခြေက တော်တော်များများအရမ်းခက်ခဲကြတယ်။ ကုန်ဈေးတွေလည်း မတက်ကြဖို့ လိုတယ်”

“ကျနော်ကိုယ်တိုင် လက်သန့်ဆေး ဝယ်ရတာ ခက်တော့ Dettol ကို ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် သန့်ဖို့ ကွာလတီရှိအောင် ဖျော်လို့ရတဲ့ နည်းတွေ ရေးပေးထားတာ ရှိတယ်။ အဲဒါတွေ ဆောင်ထားတယ်။ ဆင်ခြင်ရမှာတွေလည်း ပြောနေကြမို့ အကုန်လုံးလည်း သိပြီးသား ဖြစ်မှာပါ”လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

ဆက်လက်ပြီးလည်း ဖြိုးပြည့်စုံကတော့ တတ်နိုင်ရင်တော့ ပြည်သူတွေ အပြင်မထွက်ကြဖို့နဲ့ အိမ်မှာပဲ နေကြဖို့ကို အခုလိုပဲ တိုက်တွန်းလိုက်ပါတယ်။

“ကျနော်တို့ Stay Home သာ အော်နေတာ တချို့က အလုပ်တွေ သွားနေရသေးတော့ ထွက်ရတာတွေ ရှိမှာ။ အဲ့တော့ အတတ်နိုင်ဆုံး အပြင်မထွက်ကြပါနဲ့။ အိမ်မှာ လုပ်နိုင်ရင် အတတ်နိုင်ဆုံး လုပ်ကြပါ။ အဲ့တော့ အပြင်ထွက် ရှာဖွေနေရတဲ့သူအတွက်လည်း Safe ဖြစ်တာပေါ့”လို့ ဖြိုးပြည့်စုံက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး Positive လူနာ ၈ ဦး တွေ့ရှိထားပြီး COVID-19 ရောဂါနဲ့ ပတ်သက်လို့ အနုပညာရှင်များက ဆောင်ရန်၊ ရှောင်ရန် အချက်များကို မျှဝေလျက် ရှိပါတယ်။

You may also like these stories:

Remdesivir ဆေး စမ်းသပ်ခံ ကိုဗစ်လူနာ အခြေအနေကောင်းမွန်

COVID-19 စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာ လုပ်ငန်းများ ပုံမှန်အတိုင်း လည်ပတ်

Covid-19 ကုသဆေး အပြင်းအထန် ရှာနေ

Did you find apk for android? You can find new Free Android Games and apps.
Loading