ကမ္ဘာတဝန်းမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ COVID-19 ပျံ့နှံ့နေချိန်မှာ လူပြောများခဲ့တဲ့ “Contagion” ရုပ်ရှင်ထဲက သရုပ်ဆောင်တွေက ပြည်သူတွေအနေနဲ့ ကျွမ်းကျင်သူတွေရဲ့ စကားကို နားထောင်ဖို့၊ လက်ကို မကြာခဏ ဆေးကြောဖို့နဲ့ Social-distancing ကို ပြုလုပ်နေထိုင်ကြဖို့ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့မှာ တိုက်တွန်းခဲ့ပါတယ်။
၂၀၁၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ထဲက ဗိုင်းရပ်စ်ပိုးကို ခုခံခဲ့သူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသား Matt Damon က “အဲ့ဒါက ရုပ်ရှင်တကား ဖြစ်ခဲ့ပါတယ်။ ဒါကတော့ တကယ့်လက်တွေ့ ဘဝပါ” လို့ ဆိုပါတယ်။
အဲ့ဒီရုပ်ရှင်ထဲက သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသား Damon၊ မင်းသမီး Kate Winslet ၊ မင်းသား Laurence Fishburne နဲ့ မင်းသမီး Jennifer Ehle တို့ဟာ ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတွေကို အများပြည်သူ သိရှိအောင် ကြေညာဖို့ ကိုလံဘီယာတက္ကသိုလ်ရဲ့ Mailman ကျောင်းမှ အများပြည်သူကျန်းမာရေးဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းထားပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ‘Contagion’ ရုပ်ရှင်ကို ငှားရမ်း၊ ရောင်းချမှုနဲ့ ဒေါင်းလုဒ် ဆွဲယူမှုတွေက တော်တော်လေးကို မြင့်တက်ခဲ့တာပါ။ မတ်လ ၂၇ ရက်နေ့တုန်းကတော့ အဲ့ဒီရုပ်ရှင်ဟာ အမေရိကန်နိုင်ငံရဲ့ iTunes ရုပ်ရှင်ဇယားမှာ နံပါတ် ၁၀ နေရာကနေ ရပ်တည်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ “Star Wars: The Rise of Skywalker” ရုပ်ရှင်ရဲ့ အထက်မှာတောင် ရှိနေခဲ့ပါတယ်။
အဲ့ဒီ သည်းထိတ်ရင်ဖို ရုပ်ရှင်ထဲမှာတော့ ကမ္ဘာတဝန်း လျင်လျင်မြန်မြန် ကူးစက်ခဲ့တဲ့ ထူးခြားဖွယ် ဗိုင်းရပ်စ်ပိုးနဲ့ လူမှုအသိုက်အဝန်းအတွင်း လူသေဆုံးမှုတွေ ဖြစ်လာတာကြောင့် ကုသဆေးရှာဖို့ အမေရိကန်သိပ္ပံပညာရှင်တွေ ကြိုးပမ်းကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
အဲ့ဒီ ရုပ်ရှင်ထဲမှာ ကုသဆေးရှာတွေ့ဖို့အတွက် ကူညီပေးခဲ့တဲ့ သိပ္ပံပညာရှင်တဦးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Ehle က သိပ္ပံပညာရှင်တွေနဲ့ ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်ကို လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
Ref: straitstimes
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာကနေ အကြံပြုလိုက်တဲ့ ယွန်းဝတီလွင်မိုး
တကမ္ဘာလုံး ဖြစ်နေတဲ့ အကျပ်အတည်း ဒီအချိန်မှာ အစိုးရကို အားကိုးချင်တယ်
နိုင်ငံတကာက အနုပညာရှင်တွေ ကိုရိုနာကာလမှာ Self-Quarantine ဘယ်လိုလုပ်ကြလဲ