ဟောလိဝုဒ် စတား မင်းသားကြီး Tom Hanks နဲ့ ဇနီး Rita Wilson တို့ဟာ အမေရိကန်နိုင်ငံကို ပြန်ရောက်ရောက်ချင်းမှာပဲ သူတို့နှစ်ဦးရဲ့ ကျန်းမာရေး အခြေအနေကို ပရိသတ်တွေထံ အသိပေးခဲ့ပါတယ်။ People မဂ္ဂဇင်းရဲ့အဆိုအရ အခုလအစောပိုင်းတုန်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ သူတို့ စုံတွဲနှစ်ဦးဟာ သြစတြေးလျနိုင်ငံမှာ သီတင်းနှစ်ပတ်ကြာ သီးခြား ခွဲထားနေထိုင်မှုကို လုပ်ဆောင်ခဲ့ပြီးတဲ့နောက် အခုတော့ လော့စ်အင်ဂျလိစ်မြို့ကို ပြန်လည် ရောက်ရှိလာပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ အသက် ၆၃ နှစ်အရွယ် မင်းသားကြီးက သူနဲ့ ဇနီး Wilson တို့ဟာ သီးခြားခွဲထား နေထိုင်ချင်တဲ့အကြောင်း Twitter မှာ ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ပို့စ်မှာ “ဟေး သူငယ်ချင်းတို့ရေ ကျနော်တို့ အခုအိမ်ပြန်ပါပြီ။ ကျန်တဲ့အမေရိကန်နိုင်ငံအတွင်းမှာလိုပဲ ကျနော်တို့ဟာ နေရာမှာပဲ နေထိုင်ပြီး Social-diatancing လုပ်ပါမယ်”
“ကျနော်တို့ကို စောင့်ရှောက်ပေးခဲ့တဲ့ သြစတြေးလျက လူတိုင်းကို ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ စောင့်ရှောက်မှုနဲ့ လမ်းညွှန်မှုတွေကြောင့် ကျနော်တို့ရဲ့ အမေရိကန် အိမ်ပြန်ခရီး ဖြစ်လာနိုင်တာပါ။ ပြီးတော့ ဆုမွန်ကောင်း တောင်းပေးခဲ့ကြတဲ့ ခင်ဗျားတို့တွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ Rita နဲ့ ကျနော်တို့က အဲ့ဒါကို အသိအမှတ် ပြုပါတယ်” လို့ ရေးသားထားပါတယ်။
လော့စ်အင်ဂျလိစ်မြို့ကို ပြန်မလာခင် သူတို့နှစ်ဦးဟာ ရက်အတော်ကြာကြာ ဘယ်လိုခံစားခဲ့ရတယ်ဆိုတာကို ထုတ်ပြန် ပြောကြားခဲ့ပါသေးတယ်။
မင်းသားကြီး Hanks က “ကျနော်တို့ ပထမဆုံး ရောဂါလက္ခဏာပြပြီး သီတင်းနှစ်ပတ်အကြာမှာ ပိုမိုကောင်းမွန်လာပါပြီ” လို့ Twitter မှာရေးသားခဲ့ပါတယ်။ ပရိသတ်တွေနဲ့ Follower တွေအနေနဲ့ အိမ်မှာနေကြဖို့နဲ့ ကိုယ်တိုင် သီးခြားခွဲနေထိုင်ကြဖို့ သူတို့စုံတွဲနှစ်ဦးက တိုက်တွန်းခဲ့ပါတယ်။
မတ်လ ၁၁ ရက်နေ့တုန်းက မင်းသားကြီး Hanks က သူနဲ့ ဇနီး Wilson တို့ဟာ ရိုက်ကူးရေးရှိတဲ့ သြစတြေးလျနိုင်ငံမှာ Covid-19 ကူးစက်ခံထားရကြောင်း ကြေညာခဲ့ပါတယ်။ မင်းသားကြီးရဲ့ အခြေအနေကြောင့် ရုပ်ရှင်ရိုက်ကူးရေးကို ရပ်နားခဲ့ရပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၁၆ ရက်နေ့မှာတော့ မင်းသားကြီး Hanks နဲ့ ဇနီး Wilson တို့ကို Queensland ဆေးရုံတခုကနေ ဆင်းခွင့်ရရှိခဲ့ပါတယ်။ မင်းသားကြီးရဲ့ ကိုယ်စားလှယ်ကတော့ အဲ့ဒီအချိန်တုန်းက သူတို့နှစ်ဦးဟာ အခြေအနေကောင်းမွန်ပြီး သြစတြေးလျမှာ ရှိတဲ့ သူတို့ရဲ့ အိမ်မှာ သီးခြားခွဲထားနေထိုင်ခဲ့တယ်လို့ ဆိုပါတယ်။
Ref: hindustantimes
You may also like these stories:
Tom Hanks ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ထွန်းထွန်း