အလှမယ် ရွှေအိမ်စည်ကတော့ လက်ရှိမှာ ပြန့်ပွားနေတဲ့ COVID -19 ရောဂါနဲ့ ပတ်သက်လို့ ခရီးသွားပြီး ပြန်လာတဲ့သူများနဲ့ နယ်စပ်မှ ဝင်ရောက်လာတဲ့သူများကို ၁၄ ရက် စစ်ဆေးခံဖို့အတွက် သူ့ရဲ့ ဆိုရှယ်မီဒီယာ အကောင့်တဆင့် အခုလိုပဲ တိုက်တွန်းခဲ့ပါတယ်။
“အခုဆိုရင် COVID-19 နဲ့ပတ်သက်ပြီး Positive ပြထားတဲ့သူတွေ ရှိတယ်။ နောက်ထပ် နယ်စပ်က ပြန်လာတဲ့သူတွေ ရှိသေးတယ်။ အဲ့ထဲမှာ ဘယ်သူတွေမှာ ရှိမလဲဆိုတာ မသိနိုင်ဘူး။ စစ်ဆေးခံတာကမှ တော်သေးတယ်။ အခုဆိုရင် ထွက်ပြေးတဲ့သူတွေက ရှိသေးတယ်”
“အိမ်စည်လည်း နားလည်ပါတယ်။ ဘယ်သူမဆို ကိုယ့်ရွာကိုယ့်နယ်ကို ပြန်လာတဲ့အချိန်မှာ ၁၄ ရက်တော့ စောင့်ကြည့် မခံချင်ဘူးပေါ့။ ကိုယ့်ရွာ၊ ကိုယ့်နယ်ပဲ ပြန်ချင်ကြတာပေါ့။ ဒါပေမဲ့ ဒီ ၁၄ရက် စောင့်ကြည့်ခံလိုက်ပြီးရင် ကိုယ်လည်းသေချာပြီးသား ဖြစ်သွားတယ်။ အိမ်ပြန်ပြီး ကိုယ့်မိသားစုနဲ့ကိုယ် နေရုံပဲ” လို့ ရွှေအိမ်စည်က ပြောပါတယ်။
ဆက်လက်ပြီး “ထွက်ပြေးတဲ့သူတွေ ရှိတော့ သူတို့က ဘယ်မြို့နယ် ဘယ်တိုင်းကလာလဲ ဆိုတာ မသိနိုင်ဘူး။ အိမ်စည် သတင်းဖတ်ကြည့်သလောက်ဆိုရင် တချို့ဆို လိပ်စာ အမှန်မပေးကြဘူး။ ခုန်ပျံကျော်လွှားပြီး စူပါမန်းတွေ ကျနေတာပဲ”
“အဲ့လိုလူတွေလည်းရှိတော့ သူတို့မှာ မရှိခဲ့ရင်တော့ အကောင်းဆုံးပဲ။ အဲ့လိုမှ မဟုတ်ရင် သူတို့ရဲ့မိသားစု၊ ဒေသတွေမှာ ကူးစက်နိုင်ချေက အများဆုံးပဲ။ မရှိဘူးလို့ထင်တဲ့သူတွေက အဆိုးဆုံးပဲ။ ဘာကာကွယ်မှုမှ လုပ်မနေဘူး။ ပျံ့သွားနိုင်တဲ့ ဦးရေက အများကြီးပဲ” လို့ ရွှေအိမ်စည်က ပြောပါတယ်။
အခုလို တင်းကြပ်နေတဲ့ အခြေအနေတခုမှာ ရောဂါပိုး ရှိတယ်၊ မရှိဘူး ငြင်းမနေဘဲနဲ့ အစီအစဉ်အတိုင်းလိုက်နာပြီး အားလုံးအတွက် သဘောထားပြီး စောင့်ကြည့်ခံပေးကြပါလို့ ဆိုပါတယ်။
“အိမ်စည့်အနေနဲ့ အကြံပေးချင်တာကတော့ အခုလိုမျိုး တင်းကြပ်နေတဲ့ အခြေအနေ တခုမှာ ကိုယ့်အနေနဲ့ ရှိတယ်၊ မရှိဘူး ငြင်းခုန်နေပါစေ။ အစီအစဉ်အတိုင်းတော့ လိုက်နာရမယ်။ ဒီအချိန်မှာ ခရီးသွားထားတာဆိုရင်က တင်းကြပ်မှာပဲ”
“အခြေအနေကတော့လေ ကိုယ့်ဘက်က သေချာနေရင်တောင် လက်ခံတဲ့သူဘက်က မသေချာဘူးဆိုတော့ စစ်ဆေးခံရမယ်။ နောက်ပြီးတော့ အခန့်မသင့်ခဲ့လို့ စောင့်ကြည့်ခံရမယ်ဆိုရင်လည်း စောင့်ကြည့်ခံရမယ်။ သေချာသွားအောင် လုပ်တယ်ပေါ့။ အားလုံးအတွက် လုပ်တယ်လို့ သဘောထားလိုက်ပါ” လို့ ရွှေအိမ်စည်က ပြောပါတယ်။
အိမ်ထဲက အိမ်ပြင်မထွက်ဘဲ တတ်နိုင်သလောက် အိမ်ထဲမှာနေပြီးတော့ မဖြစ်မနေ ကိစ္စရှိမှသာ အပြင်ထွက်ကြပါလို့လည်း ပြောခဲ့ပါတယ်။
“အဓိကကတော့ ကိုယ့်ကိုယ်ကိုယ် သူရဲကောင်းကြီး လုပ်ပြီးတော့ ထွက်လို့ မရဘူးလား ဆိုတော့လည်း ရတယ်။ ခုခံအား ကောင်းတယ်ဆိုပြီး သွားလို့လည်း ရတယ်။ ဒါပေမဲ့ အဓိကကတော့ Just to be Safe ပါ။ တတ်နိုင်သလောက် အိမ်ထဲမှာ နေတယ်။ မထွက်ဘူး။ မဖြစ်မနေ သွားရမယ့် နေရာလေးတွေပဲ သွားဖို့ တိုက်တွန်းချင်ပါတယ်” လို့ ရွှေအိမ်စည်က ပြောပါတယ်။
ဒီဗိုင်းရပ်စ်ကို မထိန်းချုပ်နိုင်ခဲ့ပါက အဆိုးရွားဆုံးအခြေအနေအထိ ဖြစ်သွားနိုင်ပြီး မြန်မာနိုင်ငံအနေနဲ့ ပြည့်စုံမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ဒီကိစ္စကြီးက တခုခု မထိန်းချုပ်နိုင်ဘဲနဲ့ ဖြစ်သွားမယ်ဆိုရင် အဆိုးရွားဆုံးက Outbreak ဖြစ်သွားနိုင်တယ်။ အဲ့အချိန်ကျရင် ဘယ်လိုမှ နိုင်တော့မှာ မဟုတ်ဘူး။ အရှေ့ကနိုင်ငံကြီးတွေတောင် တိုင်ပတ်သွားကြတာလေ။ တကယ်ဖြစ်ရင် ဒီမှာက ဘာမှ မပြည့်စုံဘူး”
“အခုနေတော့ ရှိနေသေးပေမယ့် တကယ်ဖြစ်ရင် ပြည့်စုံမှာ မဟုတ်ဘူး။ အဓိကကတော့ ဒါတွေအကုန်ပြီးဆုံးသွားပြီးတော့ ကိုယ့်အလုပ်နဲ့ကိုယ် ကိုယ့်ဘဝနဲ့ကိုယ် အေးအေးဆေးဆေးလေး ဖြတ်သန်းချင်တယ်။ အခုအချိန်မှာတော့ အားလုံး စုစုစည်းစည်းနဲ့ ဖြတ်သန်းရင် အဆင်ပြေမယ်လို့ မျှော်လင့်တယ်။ အားလုံးပဲ Be Safe & Good Luck” လို့ ရွှေအိမ်စည်က ပြောပါတယ်။
ရွှေအိမ်စည်ရဲ့မိသားစုဝင်များကလည်း လက်ရှိ အင်္ဂလန်နိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။
You may also like these stories:
အမေရိကန် ရေတပ် ဆေးရုံသင်္ဘောများ လော့အိန်ဂျလစ်စ်မြို့သို့ ရောက်ရှိ
COVID-19 ကို ထိန်းချုပ်ဖို့ တရုတ်မှ ကျွမ်းကျင်ပညာရှင်များ မြန်မာနိုင်ငံကို လာမည်
တောင်ကိုရီးယားကို အတုယူပြီး ရောဂါရှာဖွေရေး တိုးမြင့်မယ့် ဂျာမနီနိုင်ငံ