မြန်မာနိုင်ငံမှာ COVID-19 ကူးစက်ရောဂါပိုး Positive လူနာများ တွေ့ရှိပြီးနောက် အဆိုတော် ပိုပိုက အိမ်မှာနေပြီး အပင်တွေ စိုက်ဖြစ်တယ်လို့ ဧရာဝတီကို ပြောပါတယ်။
“အခုရောဂါတွေ ဖြစ်နေတော့ ဂရုစိုက်ပါ။ ကိုယ်ခံအားကောင်းအောင် နေပါ၊ လက်ဆေးပါ။ အိပ်ရေး ဝဝ အိပ်ပါ။ ပိုပိုလည်း အခု အိမ်မှာ နေတယ်။ ကိုယ်ကြိုက်တာလေးတွေ လုပ်စားဖြစ်တယ်။ အပင်တွေ စိုက်ဖြစ်တယ်။ ပိုပိုတို့က အိမ်မှာနေပါလို့သာပြောတာ တချို့ဆို Mask ဝယ်ဖို့ မပြောနဲ့ ဆပ်ပြာတောင်ဝယ်ဖို့ အဆင်မပြေဘူး”
“တနေ့လုပ်မှ တနေ့ စားရတယ်။ အပြင်မထွက်နဲ့ အိမ်မှာနေလို့ပြောရင် အငတ်ခံပါလို့ ပြောတာဖြစ်သွားမယ်။ အဲ့တော့ ပိုပိုတို့ လုပ်ပေးလို့ မရဘူး။ အစိုးရက ကိုင်တွယ်ပေးရမှာ ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး မဖြစ်မနေ သွားရရင်လည်း ဂရုစိုက်ကြပါလို့ပဲ ပြောချင်ပါတယ်။ ကောလာဟလ သတင်းတွေ၊ ဈေးတက်တာတွေ မလုပ်ကြပါနဲ့”လို့ အဆိုတော် ပိုပိုက ပြောပါတယ်။
ဆက်လက်ပြီးလည်း ပိုပိုက ဒီလို အချိန်မှာ သတင်းအမှားတွေ တက်ရင် ပြည်သူတွေ အနေနဲ့ ဒုက္ခရောက်တာကြောင့် မတရား မလုပ်ကြဖို့လည်း ပြောပါတယ်။
“သတင်းအမှားတွေ တက်တော့ ပြည်သူတွေ ဒုက္ခရောက်ကြတာပေါ့။ မတရားမလုပ်ပါနဲ့ မေတ္တာတရား ထားပြီးတော့မှ လုပ်ကြပါလို့ ပြောချင်ပါတယ်။ ရန်ကုန်က ဘာလို့ မတင်းကြပ်သေးလဲ နားမလည်ဘူး။ အားလုံးကိုတော့ Home Stay လုပ်ချင်မှာပဲ။ အစိုးရလည်း ဘာအခက်အခဲ ရှိလဲတော့ မသိဘူး”
“အားလုံး Home Stay လုပ်လိုက်ရင် ထောက်ပံ့ရတာတွေအတွက် အဆင်မပြေလို့ နေမှာပေါ့။ အစိုးရက လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပေါ့။ ပြည်သူလူထုတွေ အစားမှန်မှန် စားရဖို့၊ မစားရလို့ ငတ်ပြီဆိုရင် လုယက်မှုတွေ ဖြစ်လာနိုင်တယ်။ အဲ့ဒါတွေ စဉ်းစားနေရတယ်။ အခုက အလုပ်တွေလုပ်လို့ မရနိုင်တော့ ဒီရောဂါကို အမြန်ဆုံးပျောက်စေချင်တယ်”လို့ ပိုပိုက ပြောပါတယ်။
နိုင်ငံရပ်ခြားကနေ မြန်မာပြည် ပြန်လာတဲ့သူတွေကိုလည်း ၁၄ ရက် စောင့်ကြည့် စစ်ဆေးမှုတွေ လုပ်ပေးကြပါလို့ ပိုပိုက ဆိုပါတယ်။
“ပြည်တွင်းကို ပြန်ဝင်လာကြတဲ့သူတွေကလည်း အမိနိုင်ငံကို ပြန်လာချင်မှာပဲလေ။ နိုင်ငံခြားက လုပ်ငန်းတွေ ကောင်းလို့ သွားကြတာ။ ကိုယ့်နိုင်ငံကောင်းရင် ဘယ်သူ့မှ သူများနိုင်ငံသွားမှာ မဟုတ်ဘူး။ ပြဿနာက ပြည်ထဲပြန်ဝင်ချိန်မှာ စစ်ဆေး မခံတာက ပြဿနာပါ။ ကိုယ့်အိမ်ကို ပြန်လာတာ အပြစ်လည်း မမြင်ဘူး။ သူတို့ ၁၄ ရက်လေးတော့ စစ်ဆေးမှုတွေ လုပ်ပေးကြပါ”လို့ ပိုပိုက ပြောပါတယ်။
ဒီနှစ်မှာ သင်္ကြန်ပွဲတော် မလုပ်ဖြစ်တော့တဲ့အတွက် သင်္ကြန်သီချင်းတွေ လုပ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ပိုပိုက ပြောပါတယ်။
“ဒီနှစ်သင်္ကြန်မှာတော့ သီချင်းတွေလုပ်ဖို့ မရှိဘူး။ အခု အလုပ်တွေ မလုပ်ရတော့ စိတ်ညစ်တယ်။ တိုင်းသူပြည်သားတွေ အဆင်ပြေမှ ပွဲဆိုတာလည်း လာကြည့်ကြမှာလေ။ တိုင်းသူပြည်သားတွေ အဆင်မပြေတော့ ကိုယ်တွေလည်း အဆင်မပြေဘူး။ တော်တော်လေး အခက်အခဲဖြစ်တာ”
“ပြည်သူတွေကိုပြန်လည်း လှူချင်တယ်။ ပိုပိုကလည်း ပွဲလုပ်ပြီးခါစဆိုတော့ အခက်အခဲတွေ အများကြီးဖြစ်တယ်။ အများကြီး မလှူနိုင်တာတော့ စိတ်မကောင်းဘူး။ ပိုပို တတ်နိုင်သလောက်တော့ လှူတယ်”လို့ ပိုပိုက ပြောပါတယ်။
You may also like these stories:
ခရီးက ပြန်လာသူများကို ၁၄ ရက် စစ်ခံကြဖို့ တိုက်တွန်းလိုက်တဲ့ ရွှေအိမ်စည်
COVID-19 ရောဂါ မပြန့်ပွားအောင် အိမ်မှာပဲ နေကြဖို့ မောင်မောင်အေး ပြော
“Go Away Corona” သီချင်းအကြောင်း ပြောပြတဲ့ အဆိုတော် ဖြိုးပြည့်စုံ