Entertainment

“မြန်မာပြည်မှာ ဆန်နဲ့ ဆီ ရှိရုံနဲ့ လုံလောက်ပြီ”လို့ ဆုန်သင်းပါရ် ပြော

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ COVID – 19 ရောဂါပိုးရှိသူ စတွေ့တဲ့အချိန် City Mart များမှာ အလွန်အကျွံ ဈေးဝယ်ယူမှုများ ရှိခဲ့တာနဲ့ ပတ်သက်ပြီး ဆုန်သင်းပါရ်က အလွန်အကျူး ဈေးမဝယ်ကြဖို့၊ မြန်မာပြည်မှာ ဆန်၊ ဆီရှိရင်လုံလောက်ပြီလို့ ဧရာဝတီကို ပြောပါတယ်။

“အဓိကက လောဘ လျှော့ရမှာပေါ့နော်။ လောဘဆိုတာထက် အတ္တလို့ မြင်ပါတယ်။ မြန်မာပြည်မှာက ဒီလိုမျိုး Shopping Mall တို့ဘာတို့၊ City Mart တို့မှာ ဈေးဝယ်တာ ၁၅ နှစ်လောက်ပဲ ရှိဦးမယ်။ ဆုန်သင်းတို့ ရန်ကုန်နေတဲ့ သက်တမ်းမှာပေါ့နော်။ တကယ်ဆို မြန်မာပြည်မှာ ဆန် ရှိမယ်၊ အသီးအရွက်တွေရှိမယ်။ တချို့ဆို ကိုယ့်ရဲ့ခြံ ပတ်ဝန်းကျင်လေးမှာ စိုက်ထားတာတွေ ရှိတယ်”

“အသားငါးတွေ ရှိမယ်၊ ငါးပိရည် ရှိမယ်။ ကျန်တဲ့အရာတွေကတော့ မသုံးလည်းဖြစ်နေတာပဲကို ဒီဘက်ခေတ်တွေကျမှ ဒါတွေက သုံးဖြစ်တာဆိုတော့ ဆန်နဲ့ ဆီ ရှိရင် လုံလောက်တယ်လို့ ထင်ပါတယ်။ အစိုးရိမ်လွန်ပြီး အများကြီး မဝယ်ကြပါနဲ့ ကိုယ်လိုအပ်သလောက်ပဲ ဝယ်ကြပါလို့” ဆုန်သင်းပါရ်က ပြောပါတယ်။

အဆိုပါ COVID – 19 ကပ်ဆိုးကြီးကြောင့် လူစုလူဝေးများလည်း မလုပ်ရတော့တဲ့အတွက် မကြာခင်မှာ ကျရောက်မယ့် သင်္ကြန်လည်း ကျင်းပခွင့် မရတော့တာကြောင့် သားသမီးများကို အချိန်ပိုပေးဖြစ်မယ်လို့ ဆိုပါတယ်။

“ဒီသင်္ကြန်ကတော့ အကုန်လုံးလည်း သိတဲ့အတိုင်းပဲလေ။ မရှိတော့ဘူးဆိုတော့ ကလေးတွေနဲ့ အချိန်ပေးဖြစ်မယ်။ ကလေးတွေကိုဆိုရင် အပြင်ကို ခေါ်မသွားတော့ဘူး။ မိသားစု ပိုအချိန်ပေးရတာပေါ့။ သင်္ကြန်ကတော့ နောက်နှစ်တွေလည်း ရှိမှာပဲလေ။ အဓိကကတော့ လူတွေအားလုံး အန္တရာယ်ကင်းပြီးတော့ာ ကျန်းကျန်းမာမာနဲ့ ကပ်ကြီးကနေ ကျော်လွှားနိုင်ဖို့ပဲ ဆုတောင်းရမှာပါ” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။

သင်္ကြန်ပွဲများ မရှိတော့တာကြောင့် အဆိုတော်များရဲ့ စီးပွားရေးဘယ်လောက်ထိ ထိခိုက်လဲဆိုတာကိုတော့ ဆုန်သင်းပါရ်က အခုလို ပြောပါတယ်။

“ဆုန်သင်းတို့ ထိခိုက်တယ်ဆိုတာ အသေးအမွှားလေးပါ။ ကျန်တဲ့ အလုပ်နားလိုက်တဲ့ စက်ရုံတွေ ရှိတယ်။ အလုပ်နားလိုက်တဲ့လူတွေ ရှိတယ်။ ဆုန်သင်းတို့က ဒါကို မလုပ်လိုက်ရတာပဲ ရှိတယ်။ ဒီရောဂါကပ်ဆိုးကြီးပြီးသွားရင်တော့ အကုန် အဆင်ပြေသွားမှာပါ။ ကျန်တဲ့သူတွေ ဆုံးရှုံးမှုထက်စာရင် ဒီဆုံးရှုံးမှုက မပြောပလောက်ပါ။ ကျန်းမာရေးက နံပါတ် ၁ ပါ။ ကျန်တဲ့အရာက နောက်မှ လာပါလိမ့်မယ်” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။

အိမ်မှာပဲ နေဖြစ်တာကြောင့် ကလေးတွေနဲ့ ပိုနေဖြစ်တဲ့အတွက် သူတို့လည်း ပျော်နေပြီး သန့်ရှင်းရေးကိုဂရုစိုက်ပေးကာ အစားအစာများကိုလည်း သေချာ ချက်ပြုတ်ကျွေးတယ်လို့ ဆိုပါတယ်။

“ကလေးတွေနဲ့ ပိုနေဖြစ်တော့ သူတို့ ပျော်သွားတာပေါ့။ ခရီးကတော့ မသွားတာ ကောင်းပါတယ်။ အိမ်မှာနေတာက ပိုလုံခြုံပါတယ်။ အဓိကက သူတို့ရဲ့ ပုဂ္ဂလိက သန့်ရှင်းရေးပါ။ အိမ်ရှေ့မှာ နည်းနည်းပါးပါး ဆော့တာဆိုရင်လည်း အမြဲတမ်း ဆပ်ပြာနဲ့ လက်သေချာ ဆေးပေးတယ်။ အရက်ပြန် ပါတာလေးနဲ့ဆေးပေးတယ်။ အဝတ် ခဏခဏ လဲပေးတယ်။ ချက်ပြုတ်တဲ့ အစားအစာ ဆိုရင်လည်း သားငါး စိမ်းတွေ မဟုတ်ဘဲ ကျက်တဲ့အထိ ချက်ပြုတ်ပြီး စားပါတယ်” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။

အဆိုတော် ဆုန်သင်းပါရ်ကတော့ သား ၁ ယောက်၊ သမီး ၁ ယောက်နဲ့ ပျော်ရွှင်တဲ့ မိသားစု ဘဝကို ပိုင်ဆိုင်ထားပါတယ်။

You may also like these stories:

ကျန်းမာရေး ဝန်ထမ်းတွေအတွက် ကော်ဖီနဲ့ ဖိနပ်တွေ လှူဒါန်းသွားမယ့် Starbucks နဲ့ Crocs

COVID-19 နဲ့ ပတ်သက်ပြီး သတင်းအမှားတွေ မဖြန့်ဝေကြဖို့ အဆိုတော် ပိုပို ပြော

ခရီးက ပြန်လာသူများကို ၁၄ ရက် စစ်ခံကြဖို့ တိုက်တွန်းလိုက်တဲ့ ရွှေအိမ်စည်

Did you find apk for android? You can find new Free Android Games and apps.
Loading