ကမ္ဘာတဝန်း ပျံ့နှံ့နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အရေးနဲ့ ရင်ဆိုင်နေရတဲ့ တခြားနိုင်ငံတွေက စင်ကာပူနိုင်ငံရဲ့ COVID-19 ရောဂါကိုင်တွယ်ပုံကို ချီးကျူးနေကြပြီး အဲ့ဒီအထဲမှာ ထူးထူးခြားခြားအနေနဲ့ အမေရိကန်မင်းသမီး Barbra Streisand လည်း ပါဝင်လာတာကိုတွေ့ရပါတယ်။
အဆိုတော်၊ မင်းသမီး Barbra က စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ အမြင်ကျယ်မှုကို အထူးအလေးပေးပြောခဲ့ပြီး မတ်လ ၃၀ ရက်နေ့က Twitter မှာ ချီးကျူးခဲ့တာ ဖြစ်ပါတယ်။
မင်းသမီးက “လူ ၆ သန်းမှာ ၃ ယောက်ပဲ သေဆုံးခဲ့တဲ့ နိုင်ငံဖြစ်တဲ့ စင်ကာပူရဲ့ ဝန်ကြီးချုပ်က အမြင်ရှိရှိနဲ့ ပြောဆိုပါတယ်။ သူက အမှန်တရားကို လူတွေဆီပြောဆိုပြီး အခုဗိုင်းရပ်စ်အတွက် အဆင်သင့်ဖြစ်နေအောင် လုပ်ဆောင်ဖို့ လိုအပ်တဲ့ အရာအားလုံးကို သူတို့လုပ်ခဲ့ပါတယ်” လို့ ဆိုပါတယ်။
CNN ရုပ်သံမှာ ထုတ်လွှင့်နေတဲ့ Fareed Zakaria GPS အစီအစဉ်မှာ Fareed Zakaria နဲ့ ဝန်ကြီးချုပ်လီ အင်တာဗျူး လုပ်ဆောင်ခဲ့ပြီးနောက် အခုလို မှတ်ချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။
မင်းသမီး Barbra ဟာ ၁၉၆၉ ခုနှစ်မှာ “Funny Girl” ရုပ်ရှင်နဲ့ အော်စကာဆု၊ ၁၉၉၅ ခုနှစ်မှာ ဂရမ်မီ ဘဝတသက်တာ အောင်မြင်မှုဆုတို့ အပါအဝင် သူ့ရဲ့ ရှည်လျားတဲ့ အနုပညာသက်တမ်းမှာ ဆုများစွာကို ရရှိထားသူလည်း ဖြစ်ပါတယ်။ အခုလိုမျိုး သူ့ရဲ့ မှတ်ချက် စကားမှာ စင်ကာပူဝန်ကြီးချုပ် လီနဲ့ နယူးဇီလန်ဝန်ကြီး ချုပ် Jacinda Ardern တို့ကို နှိုင်းယှဉ်ဖော်ပြ ရေးသားလာတာတွေကိုလည်း တွေ့ရပါတယ်။
အွန်လိုင်းအသုံးပြုသူတဦးက “နယူးဇီလန်နိုင်ငံမှာလည်း အဲ့ဒီလိုမျိုး အမြင်ရှိတဲ့ ဝန်ကြီးချုပ်တဦး ရှိပါတယ်။ Jacinda Ardern ဟာ ပြီးခဲ့တဲ့နှစ် အခုလို အချိန်တုန်းက Christchurch မြို့မှာ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုကို ကိုင်တွယ်ခဲ့တယ်။ White Island မီးတောင်ပေါက်လို့ လူ ၂၀ လောက် သေတာကိုလည်း ကိုင်တွယ်ခဲ့တယ်။ အခုလည်း ကျနော်တို့နိုင်ငံမှာ ဖြစ်နေတာတွေကို ထူးခြားတဲ့ခေါင်းဆောင်မှုနဲ့ သက်သေပြနေပါပြီ” လို့ ရေးသားခဲ့ပါတယ်။
အခြား အသုံးပြုသူ တဦးကတော့ ဝန်ကြီးချုပ်လီရဲ့ အင်တာဗျူးကို ကြိုက်နှစ်သက်ကြောင်း ထုတ်ဖော် ရေးသား လာပါတယ်။ သူက “သူပြောနေတာကို ကျနော်တို့ ကြိုက်ပါတယ်။ အရမ်းကိုပဲ ဉာဏ်ပြေးတဲ့ ဝန်ကြီးချုပ်ပဲ” လို့ ဆိုပါတယ်။
Ref. CNA Lifestyle
You may also like these stories:
COVID-19 ကြောင့် ဂျပန်ဟာသ သရုပ်ဆောင် Ken Shimura သေဆုံး
COVID-19 ကူးစက်ခံခဲ့ရတဲ့ မင်းသား Tom Hanks နဲ့ ဇနီး LA ကို ပြန်ရောက်ပြီ
ပြည်သူတွေ လက်ဆေးကြဖို့ Matt Damon နဲ့ Kate Winslet တိုက်တွန်း