အခုလိုမျိုး COVID-19 ကပ်ရောဂါ ကာလမှာ ရောဂါ ကူးစက်ပြန့်ပွားမှုများ လျော့နည်းစေရန်အတွက် အိမ်မှာပဲ နေကြဖို့ အနုပညာရှင်များက တိုက်တွန်းလာကြပါတယ်။
အိမ်မှာ နေရတာ ကြာလာတဲ့အခါ စိတ်ဖိစီးမှုများ မရစေဖို့အတွက် WHO က ထုတ်ပြန်ထားတဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များကို အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြန်လည် မျှဝေရင်း ဒီအခိုက်အတန့်ဟာ သူ့လို လူပျိုကြီးတွေအတွက် တော်တော် ပြဿနာတက်တဲ့ အခိုက်အတန့်လို့ ပြောခဲ့ပါတယ်။
“အိမ်ထဲမှာ နေရတဲ့အချိန်မှာ မိသားစုနဲ့ သိုက်သိုက်ဝန်းဝန်း နေပါတဲ့။ တယောက်တည်း မနေပါနဲ့။ အချင်းချင်း စကားပြောပါ။ ဒီအခိုက်အတန့်ကတော့ ကျနော်တို့လို လူပျိုကြီးတွေအတွက်ကတော့ တော်တော်ကွိုင်တက်တဲ့ အခိုက်အတန့်ပါပဲ။ ပြီးတော့ တယ်လီဖုန်း ပြောပါ။ မိတ်ဆွေတွေနဲ့ ဆက်သွယ်တာ ကောင်းပါတယ်။ ရည်းစားရှိရင်လည်း ရည်းစားနဲ့ Video Chat တွေ ဘာတွေ လုပ်ပေါ့။ ကျနော့်ရုပ်ရှင်ထဲကလို သီချင်းတွေဘာတွေ ဆိုပြလို့လည်း ရတာပေါ့” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
ဒီလိုအချိန်မှာတော့ ကျန်းမာရေးလိုက်စားဖို့လည်း လိုအပ်တာကြောင့် ကိုယ်တိုင်ကတော့ အိမ်မှာစားပွဲတင် တင်းနစ် ရိုက်တယ်လို့ ဆိုပါတယ်။
“နောက်ပြီး ကျန်းမာရေး လိုက်စားဖို့ လိုပါတယ်။ ဒီအချိန်မှာ ကျန်းမာနေဖို့၊ Fit ဖြစ်နေဖို့၊ ကိုယ့်ရဲ့ ကိုယ်ခံအား ကောင်းနေဖို့ အရမ်းကို လိုအပ်တဲ့အချိန် ဖြစ်တာကြောင့် ကိုယ့်ရဲ့အိမ်ထဲမှာ နေရင်းနဲ့လည်း အတတ်နိုင်ဆုံး ကျန်းမာရေးလိုက်စား အားကစားလုပ်ပါ။ အေရိုးဗစ် လုပ်လို့ရတယ်။ ဒိုက်ထိုးလို့ ရတယ်”
“ယောကျာ်းလေးတွေ ဘားဆွဲလို့ ရတယ်။ အိမ်သန့်ရှင်းရေး လုပ်လို့ရတယ်။ ချွေးထွက်အောင် ကားဆေးမယ်။ ပန်းပင် ရေလောင်းမယ်။ ကျနော်ဆို အိမ်မှာ Table Tennis ခုံလေး လုပ်ထားတာ ရှိတယ်။ ကျနော်နေ့တိုင်း ချွေးထွက်ရင် ပြီးရောဆိုပြီး ရိုက်နေတာ” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
ထပ်မံပြီးတော့လည်း အရက်ကို အလွန်အကျွံမသောက်ဖို့နဲ့ ဆေးလိပ်သောက်တာဟာ မျက်နှာကိုထိတွေ့ရတာကြောင့် ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ဖို့လည်း ပြောခဲ့ပါတယ်။
“ပြီးတော့ ဒီအချိန်မှာ စိတ်ခံစားချက်ကို လျှော့ချဖို့အတွက် အရက်အလွန်အကျွံ မသောက်ဖို့လည်း ပြောပါတယ်။ နောက်တခုက ဆေးလိပ်သောက်တဲ့သူတွေ ဆေးလိပ်သောက်တာကို ဆင်ခြင်သင့်ပါတယ်”
“ ဆေးလိပ်မသောက်တဲ့သူတွေ သာမန်လူတွေ မျက်နှာကို လက်နဲ့ မထိအောင် ဆင်ခြင်နေရတဲ့ အချိန်မှာ ဆေးလိပ်သောက်တဲ့လူတွေ လက်က ပါးစပ်နဲ့နီးပြီး ထိတွေ့နေရမှာဖြစ်တဲ့အတွက်ကြောင့် ဒါလေးကိုဆင်ခြင်သင့်ပါတယ်။ အဆုတ်ကို တိုက်ရိုက်ထိတာကြောင့် ဆင်ခြင်သင့်ပါတယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
စိုင်းစိုင်းခမ်းလှိုင်ကတော့ COVID – 19 ကာကွယ်ရန်အတွက် လှိုင်သာယာပြည်သူ့ဆေးရုံကြီးမှာ COVID – 19 ထိန်းချုပ်မှုဆိုင်ရာ လုပ်ငန်းများမှာ အသုံးပြုရန် Surgical Mask အခုရေ ၁၀,၀၀၀ ကိုလှူဒါန်းခဲ့ပြီး ပြီးခဲ့တဲ့ရက်ကလည်း COVID – 19 အတွက် ဆောင်ရန်၊ ရှောင်ရန် အချက်များ မျှဝေခဲ့ပါတယ်။
You may also like these stories:
COVID-19 ကာကွယ်ဖို့ ဆောင်ရန်၊ ရှောင်ရန်တွေ ဝေမျှပေးခဲ့တဲ့ ပြေတီဦးတို့ ဇနီးမောင်နှံ