မင်းသား Dwayne “The Rock” Johnson က Instagram Live အမေးအဖြေကဏ္ဍမှာ “Fast & Furious Presents: Hobbs & Shaw” နောက်ဆက်တွဲရုပ်ရှင်တခုကို ဖန်တီးနေပြီလို့ အတည်ပြုလိုက်ပါတယ်။ မင်းသား The Rock ဟာ အဲ့ဒီ “Fast and Furious” သီးခြားခွဲထွက် ရုပ်ရှင်မှာ မင်းသား Jason Statham ၊ မင်းသား Idris Elba ၊ မင်းသမီး Vanessa Kirby တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။
အခုတော့ အဲ့ဒီ သီးခြားခွဲထွက်ရုပ်ရှင်ရဲ့ နောက်ဆက်တွဲဇာတ်လမ်းကို ရှုစားရတော့မှာဖြစ်ပါတယ်။
မင်းသား The Rock က “ကျနော်တို့က နောက်ထပ်ရုပ်ရှင်တကားကို ဖန်တီးနေပါပြီ။ ကျနော် တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်။ အခု ဘယ်လမ်းကြောင်းကနေသွားမယ်၊ ဘယ်လိုဖန်တီးမယ်ဆိုတာကို အဖြေထုတ် နေကြပါတယ်” လို့ အမေးအဖြေ အစီအစဉ်မှာပြောဆိုခဲ့ပါတယ်။
“Hobbs & Shaw” ရုပ်ရှင်မှာကတော့ မင်းသား The Rock ရဲ့ ဇာတ်ကောင် Luke Hobbs နဲ့ မင်းသား Statham ရဲ့ဇာတ်ကောင် Deckard Shaw တို့က လူသားမျိုးနွယ်ရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတဲ့ ဗီလိန်တွေကို တိုက်ထုတ်ဖို့ ပူးပေါင်းခဲ့တဲ့အကြောင်း အခြေခံရိုက်ကူးထားပါတယ်။
မင်းသား Vin Diesel နဲ့ မင်းသား John Cena တို့ ပါဝင်ထားကြတဲ့ “F9” ရုပ်ရှင်ကို ကိုရိုနာကပ်ရောဂါ ကြောင့် ပြသမယ့်ရက်ရွှေ့ဆိုင်းလိုက်ရလို့ ပရိသတ်တွေကတော့ တော်တော်လေးစိတ်ပျက်ခဲ့ကြရပါတယ်။ အဲ့ဒီရုပ်ရှင်ကို လာမယ့် မေလ ၂၂ ရက်နေ့မှာ ပြသဖု့ိ စီစဉ်ခဲ့ပေမယ့် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အကျပ်အတည်းကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှသာ ပြတော့မှာဖြစ်တယ်လို့ သိရပါတယ်။
အခုလအစောပိုင်းမှာ စတူဒီယိုက “ကျနော်တို့ရဲ့ ရုပ်ရှင်အတွဲလိုက်ထဲက အခန်းသစ်အတွက် ချစ်ခင်ပေးကြတာ၊ စိတ်ပါဝင်စားကြပေးကြတာတွေအားလုံးကို ကျနော်တို့ ခံစားမိပါတယ်။ ဒါကြောင့် ရုပ်ရှင်ပြသမယ့် ရက်ကို ကျနော်တို့ရွှေ့ဆိုင်းရမယ်ဆိုတာကို သိစေဖို့ ပြောရတာဖြစ်ပါတယ်”
“ ဒီလာမယ့် မေလမှာ ဒီရုပ်ရှင်ကို ကမ္ဘာတဝန်းမှာ ကြည့်ရှုဖို့ ကျနော်တို့ရဲ့ ပရိသတ်တွေ အားလုံးအတွက် ဖြစ်မလာနိုင်တော့ဘူးဆိုတာ ရှင်းလင်းလာပါတယ်” လို့ ကြေညာထားပါတယ်
Ref: aceshowbiz
You may also like these stories:
COVID-19 ကြောင့် ‘Star Wars’ ရုပ်ရှင်မင်းသား Andrew Jack ကွယ်လွန်]
ကိုရိုနာဗိုင်းရပ်စ်အကြောင်း ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင် ထွက်ရှိလာ
စင်ကာပူနိုင်ငံရဲ့ COVID-19 ကိုင်တွယ်ပုံကို မင်းသမီး Barbra Streisand ချီးကျုး