Entertainment

အင်္ဂလန်မှာနေထိုင်တဲ့ အစ်မဖြစ်သူအတွက် စိတ်ပူနေတဲ့ မအေးသောင်း

မအေးသောင်းရဲ့ အစ်မဖြစ်သူ နှင်းဝတ်ရည်သောင်းကတော့ မြန်မာနိုင်ငံမှာမိသားစုနဲ့အတူမရှိဘဲ အင်္ဂလန်နိုင်ငံမှာ နေထိုင်နေတာဖြစ်တဲ့အတွက် အစ်မဖြစ်သူအတွက်စိတ်ပူနေကြတယ်လို့ ဆိုပါတယ်။ အစ်မဖြစ်သူ နှင်းဝတ်ရည်သောင်းက ဆေးလိပ်သောက်တာကြောင့် ဆေးလိပ်ကိုလျှော့သောက်ဖို့လည်း မှာထားကြောင်း မအေးသောင်းက ဆိုပါသေးတယ်။

“WHO ကချမှတ်ထားတဲ့အချက် ၅ချက်အတိုင်းနေမယ်လို့ ဆုံးဖြတ်ထားတယ်။ ဆေးလိပ်မသောက်ပါနဲ့။ ဒါပေမယ့် ဆေးလိပ်သောက်တဲ့သူကို ဘယ်လိုမှတားလို့မရဘူး။ ဥပမာ မကြီး (နှင်းဝတ်ရည်သောင်း) ပေါက်စီရဲ့အစ်မ သူကိုယ်တိုင်ဆေးလိပ်သောက်တယ်။ သူ့ကိုဆေးလိပ်ဖြတ်ပါလို့ပြောဖူးတယ် သူမရဘူး”

“ အဲ့တော့ဆေးလိပ်သောက်တဲ့သူကို ဆေးလိပ်ဖြတ်ပါလို့ ပြောလို့မရဘူး။ လျှော့သောက်လို့ပဲပြောလို့ရတယ်။ အဲ့တော့ဆေးလိပ်လျှော့သောက်ပါ။ ဒီကိုဗစ်ရောဂါဟာ အဆုတ်ကိုဖျက်ဆီးတဲ့ပိုး ဆေးလိပ်သောက်တာဟာ အဆုတ်ကိုဖျက်ဆီးတယ်။ ဆေးလိပ်သောက်တာကိုလျှော့ပါ” လို့ အေးဝတ်ရည်သောင်းကပြောပါတယ်။

ဆက်လက်ပြီး “အစ်မကိုမေးကြည့်ဖူးတယ်။ ဆေးလိပ်ဖြတ်မလား ငါ့ကိုဖြတ်မလားဆိုတော့ နင့်ကိုပဲဖြတ်မယ်တဲ့နင်က အချိန်တန်ရင် ပြန်ခေါ်မှာတဲ့ ဆေးလိပ်ကို ငါကအမြဲပြန်ခေါ်နေမှာတဲ့” လို့ ပြောပါတယ်။

နှင်းဝတ်ရည်သောင်းအနေနဲ့ အင်္ဂလန်မှာသူမရဲ့အလုပ်က မပိတ်သေးတာကြောင့် အလုပ်သွားနေရပြီး အဲဒီအတွက်လည်း စိတ်မကောင်းဖြစ်ရပြီးတော့ အခုအချိန်အထိ အလုပ်လုပ်နေရတဲ့သူတွေကိုလည်း ကိုယ်ချင်းစာမိတယ်လို့ ဆိုပါတယ်။

ဒီလိုအကြောင်းအရာတွေကြောင့် ကိုယ်တိုင်လည်းညဘက်တွေမှာ အိပ်မပျော်ဘဲ ဘာမှလုပ်မပေးနိုင်တဲ့အတွက် စိတ်လည်းမကောင်းဘူးလို့ပြောပါတယ်။

“အိပ်မပျော်ဘူး အိပ်မပျော်ဘူးဆိုတာကြောက်လို့ မဟုတ်ဘူး။ စိတ်ပူတယ်ဆိုတာ အခုအချိန်အထိ အလုပ်လုပ်နေရတဲ့သူရှိတယ်။ အိမ်မှာ ပေါက်စီနဲ့တူတူနေတဲ့ကောင်မလေးကလည်း သူ့အိမ်ကိုပြန်ချင်တယ်။ ကိုယ်ကလည်းမပြန်စေချင်ဘူး။ သူကလည်းအရမ်းပြန်ချင်တယ်။ အဲ့လိုလူတွေအတွက်ရော ကိုယ့်ထက်ပိုပြီးတော့ စိတ်ပူစရာကောင်းတဲ့သူတွေက အများကြီးဖြစ်နေတယ်”

“ ဒီအချိန်မှာ လလည်းကုန်ခါနီးနေပြီ။ ဒီအချိန်မှာအဆောင်လစာပေးရမှာတွေ ဘာမှမလုပ်ပေးနိုင်ဘူးလေသိလား။ တွေးလိုက်ရင် အရမ်းစိတ်ပူတယ်။ စိတ်လည်းမကောင်းဘူး” လို့ မအေးသောင်းကပြောပါတယ်။

အခုအချိန်မှာ ရောဂါနဲ့ရင်ဆိုင်ပြီး လုပ်ကိုင်ပေးနေကြတဲ့ ဆရာဝန်များ ၊ သူနာပြုများ ၊ စေတနာ့ဝန်ထမ်းများအတွက်လည်း တတ်နိုင်သလောက်ပံ့ပိုးပေးသွားမယ်လို့ သိရပါတယ်။

“အဲ့လိုတွေစိတ်ပူပြီး အိပ်မပျော်ဘူး။ အဲ့တော့ကိုယ့်ကိုယ်ကို စည်းကမ်းတွေချလိုက်တယ်။ ဘယ်လိုနေမယ်။ ဘယ်လိုထိုင်မယ်။ တချို့ဟာတွေက ကိုယ်မလုပ်ပေးနိုင်တာတွေရှိတယ်။ ကိုယ်လုပ်ပေးနိုင်တဲ့ဟာတွေက တတ်နိုင်သလောက်လှူမယ်။ ဒီရောဂါကြီးကို တိုက်ထုတ်နေတဲ့ရှေ့တန်းကလူတွေ ဆရာဝန်တွေ သူနာပြုဆရာ ၊ ဆရာမတွေ စေတနာ့ဝန်ထမ်း လုပ်နေတဲ့သူတွေအများကြီးပေါ့နော်။ အဲ့လူတွေအတွက် တတ်နိုင်သလောက်နောက်ကနေ ပံ့ပိုးပေးမယ်။ Mask လိုလား စားဝတ်နေရေးလိုလားဆိုတာကို တတ်နိုင်သလောက်ပံ့ပိုးပေးမယ်” လို့ မအေးသောင်းက ပြောပါတယ်။

ကိုယ်တိုင်လည်း လိုအပ်တဲ့အချိန်များမှာ ခေါ်ယူနိုင်ရန်အတွက် စေတနာ့ဝန်ထမ်းလုပ်ဖို့ စာရင်းပေးထားတယ်လို့ သိရပါတယ်။

“နံပါတ်၁က ကျန်းမာအောင်စားမယ်။ ကျန်းမာစေတဲ့အစားအစာတွေကို စားမယ်။ ကိုယ်ခံအားကောင်းစေတဲ့ အစားအစာ တွေကိုစားမယ်။ နံပါတ်၂က အရက်ဘီယာလျှော့သောက်မယ်။ အချိုလျှော့စားမယ်၊ ဆေးလိပ်သောက်တာလျှော့ချမယ်။ လေ့ကျင့်ခန်းလုပ်မယ်။ စိတ်ကိုမညစ်အောင်လို့ စိတ်ညစ်စရာတွေအရမ်းမကြည့်ဘဲနေကြမယ်” လို့ မအေးသောင်းကပြောပါတယ်။

မအေးသောင်းကတော့ COVID – 19 နဲ့ပတ်သက်ပြီး ကျန်းမာရေးအသိပေးခြင်းများနဲ့အတူ အင်းစိန်ဆေးရုံကြီး ၊ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးတို့မှာ Mask အခု ၁၅၀၀ ၊ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနကို ရေသန့်ဗူးကြီး ၅၀ တို့လှူဒါန်းခဲ့ပါတယ်။

You may also like these stories:

“ဒီအချိန်က လူပျိုကြီးတွေအတွက် ကွိုင်တက်တဲ့ အခိုက်အတန့်”လို့ စိုင်းစိုင်းခမ်းလှိုင် ပြော

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ရိုက်ကူးထားတဲ့ ကမ္ဘာ့ပထမဆုံးရုပ်ရှင် ထွက်ရှိလာ

COVID-19 ကြောင့် ‘Star Wars’ ရုပ်ရှင်မင်းသား Andrew Jack ကွယ်လွန်

Loading