သရုပ်ဆောင် ကျော်ကျော်ဗိုကတော့ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဖြစ်ပွားနေတာကြောင့် မိသားစုစားဝတ်နေရေး အတွက် အပြင်ထွက်ပြီး လှုပ်ရှား ရုန်းကန်နေတဲ့ မိသားစုတွေအတွက်ကတော့ စိတ်မကောင်းဖြစ်မိပြီး သူတို့အခက်အခဲကို ဝိုင်းကူညီပေးနိုင်ရင်ကောင်းမယ်လို့ ဆိုပါတယ်။
“ကျနော်တို့က အခုတော့ အိမ်ထဲမှာ အတတ်နိုင်ဆုံး နေတယ်။ အပြင်ကို လိုအပ်တာလောက်ပဲ ခဏလေးထွက်ဝယ်တယ်။ အိမ်မှာနေပြီး မိသားစုကို အချိန်ပေးတယ်။ စာတွေ ဖတ်ဖြစ်တယ်။ ဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ ဒီရောဂါနဲ့ ပတ်သက်ပြီး ရှောင်ရန်၊ဆောင်ရန်တွေကတော့ ပရိသတ်တွေလည်းသိပြီးလောက်ပြီထင်ပါတယ်။ အခြေခံ လောက်တော့ သိပြီးလောက်ပြီထင်ပါတယ်”
“ ကျနော်တို့က ရောဂါပြန့်ပွားတာကို ထိန်းချုပ်ဖို့ လူစုလူဝေးတွေ ရှောင်တာက အဓိကပေါ့။ ရှောင်တာကတော့ ကောင်း တယ်။ ဒါပေမယ့်ကျနော်တို့ရဲ့ ဘဝမှာ စားဝတ်နေရေးအတွက် ကြိုးစားရုန်းကန်နေရတာလေ။ အခြေခံလူတန်းစားများတဲ့ ကျနော်တို့ နိုင်ငံမှာ ဒီကိစ္စက ပိုပြီး ကြီးကြီးကျယ်ကျယ်ဖြစ်တာပေါ့။ အပြင်မထွက်ရဘူး။ ရောဂါကူးတတ်တယ် ဆိုပေမယ့် လည်း မိသားစုစားဝတ်နေရေးအတွက် အပြင်ထွက်ပြီး လှုပ်ရှား ရုန်းကန်နေတဲ့ မိသားစုတွေကတော့ ဒီရောဂါဖြစ်တာက အခက်အခဲ အတားအဆီးဖြစ်တာပေါ့။ သူတို့လည်းကြောက်မှာပဲလေ”
“ သူတို့အခက်အခဲကို ဝိုင်းကူညီပေးနိုင်ရင်တော့ ကောင်း တာပေါ့။ အဲ့ဒါတွေကို ကျော်လွှားဖို့ဆိုတာကလည်း အဘက်ဘက်ကနေ ပံ့ပိုးမှုလိုတာပေါ့။ ဥပမာ အလုပ်ရှင်က အလုပ်ပိတ် လိုက်တာမျိုး။ သူတို့ လုပ်အားခတွေကို မဖြတ်ဘဲ အပြည့်ပေးသင့်တာပေါ့။ အလုပ်ရှင်ဘက်က ပြန်ကြည့်ပြန်တော့လည်း သူတို့လည်း သူတို့ အခက်အခဲရှိဦးမှာပဲ။ အဲ့တော့ အားလုံးညှိနှိုင်းဖို့တော့လိုပါတယ်”လို့ ကျော်ကျော်ဗိုကပြောပါတယ်။
နိုင်ငံခြားမှာရောက်နေတဲ့သူတွေကလည်း ကိုယ့်မြန်မာနိုင်ငံကိုပြန်လာတာမျိုးရှိပြီး ပြန်လာတဲ့အခါ ဆောင်ရန်ရှောင်ရန် စည်းကမ်းလေးတွေကိုတော့ ကိုယ့်နိုင်ငံအတွက် လိုက်နာသင့်တယ်လို့ဆိုပါတယ်။
“ကျနော်တို့က ဆီမှာ ဒီရောဂါဖြစ်တာက သင်္ကြန်ကာလနဲ့လည်း နီးတယ်။ နိုင်ငံခြားမှာ ရောက်နေတဲ့သူတွေကလည်း ဆွေမျိုးသားချင်းတွေဆီ ကိုယ့်မြန်မာနိုင်ငံကိုပြန်လာကြတာလည်း ပါတာပေါ့။ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေက ကိုယ့်နိုင်ငံ ကိုယ် ပြန်လာတာတော့ မလာနဲ့လို့ ပြောလို့မရဘူး။ သူတို့လည်း ကိုယ့်နိုင်ငံကလူတွေ ဖြစ်ပါစေဆိုပြီး ပြန်လာကြတာ တော့မဟုတ်ဘူးလေ။ ပြန်လာချိန်မှာတော့ ကိုယ့်နိုင်ငံအတွက် ဆောင်ရန်ရှောင်ရန် စည်းကမ်းလေးတွေ ကိုတော့ လိုက်နာ သင့်ပါတယ်”
“အဲ့လို လိုက်နာရင်တော့ အကောင်းဆုံးလို့ ကျနော်မြင်ပါတယ်။ ကျနော်တို့က သင်္ကြန်ဆိုတာက အထင်ကရ ဖြစ်တဲ့ ပွဲတော်တွေထဲက ပွဲတော်တခု လက်လွှတ်ဆုံးရှုံးခံရတယ်။ ကမ္ဘာအိုလံပစ်ပွဲတွေတောင် ရွေ့ဆိုင်း သွားကြတာတွေ လည်းရှိတာကြောင့် ကျနော်တို့တွေ အတွက်လည်း ထူးပြီးတော့ ဆုံးရှုံးမှုမရှိဘူးလို့မြင်ပါတယ်။ ကျနော်တို့ ကမ္ဘာသူ ကမ္ဘာသားတွေ အနေနဲ့ ကပ်ဆိုးကြီး ကို အသားရောင် မခွဲခြားလူမျိုး မခွဲခြားပဲ ဝိုင်းဝန်းတိုက်တွန်းကြဖို့ တိုက်တွန်းချင်ပါ တယ် ”လို့ ကျော်ကျော်ဗိုကပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုး Positive လူနာ ၁၅ ဦး တွေ့ရှိထားပြီး တဦးသေဆုံးခဲ့တယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။ COVID-19 ရောဂါနဲ့ ပတ်သက်ပြီး လတ်တလောမှာတော့ အနုပညာရှင်များက ဆောင်ရန်၊ ရှောင်ရန် အချက်များ ဆိုရှယ်မီဒီယာကတဆင့် မျှဝေပေးနေကြပါတယ်။
You may also like these stories:
COVID-19 ကူးစက်မှုများကြောင့် ကာစီနိုရုံတွေ ပိတ်ဖို့ ကမ္ဘောဒီးယားဝန်ကြီး ညွှန်ကြား
COVID-19 ကြောင့် အမေရိကန်မှာ တရက်အတွင်း လူ ၇၀၀ သေဆုံး
ကိုရိုနာကြောင့် သေဆုံးသူများတွင် အမျိုးသမီးထက် အမျိုးသားလူဦးရေပိုများ