၁၂ ဧက ကျယ်တဲ့ ရုပ်ရှင်ခြံကို Quarantine လုပ်ဖို့ အသုံးပြုခွင့်ပေးလိုက်တဲ့ နေထူးနိုင်
သရုပ်ဆောင် နေထူးနိုင်ကတော့ နေရာအသီးသီးမှ နေရပ်ကို ပြန်လာမယ့်သူများအတွက် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့မှာ ရှိတဲ့ သူ့ရဲ့ ၁၂ ဧက ကျယ်တဲ့ ရုပ်ရှင်ခြံမှာ Quarantine ၁၄ ရက် ပေးနေမယ်လို့ သိရပါတယ်။
“ဒီကိစ္စကို နေထူးနိုင်က တဖက်တလမ်းကနေ ပါဝင်ကူညီပါတယ်။ သူ့မှာ ၁၂ ဧက ကျယ်တဲ့ ရုပ်ရှင်ခြံ ရှိပါတယ်။ ရေနံချောင်းမြို့အဝင် သုံးဆယ်ခြောက် ရေနံချောင်း စက်မှုဇုန်မှာပါ။ ရွှေရောင်လင်း ဓာတ်ဆီဆိုင်နားပါ။ လတ်တလောလူ ၁၀ ဦး နေနိုင်တဲ့ တဲ ၂လုံး ရှိပါတယ်။ ရေအလုံအလောက် ရှိပါတယ်”
“မြို့အဝင်လမ်းမပေါ်မှာမို့ မြို့ပြန်လာတဲ့သူတွေကို အလွယ်တကူ ထားနိုင်တဲ့ နေရာကောင်းလေးပါ။ ၁၄ ရက် သီးသန့် နေထိုင်ဖို့ စောင့်ကြည့်ဖို့ကောင်းတဲ့ နေရာလေးပါ” လို့ ရေနံချောင်းသစ္စာ Facebook Page မှာ ဖော်ပြထားပါတယ်။
နေထူးနိုင်ကလည်း “အများကြီး မလုပ်ပေးနိုင်ပေမယ့် တတ်နိုင်သလောက် ပါဝင်ကူညီခြင်း ဖြစ်ပါသည်” လို့ သူ့ရဲ့ Facebook အကောင့်မှာ ပြောထားပါတယ်။
အခုအခါမှာတော့ ရေနံချောင်းမြို့သို့ ဝင်ရောက်လာသူများကို မြို့ခြောက်ဘက် အဝင် တွင်းကုန်း ၊ ပင်းဘုရားကြီးလမ်းခွဲထိပ် ၊ မြို့တောင်ဘက်အဝင် ဆိပ်သာကွန်ထောက်နားမှာ ကိုယ်အပူချိန်တိုင်းခြင်းများ စတင်လုပ်ဆောင်လျက်ရှိပြီး ၁၄ ရက် စောင့်ကြည့်ရမယ့် နေရာထိုင်ခင်းများကိုလည်း သက်ဆိုင်ရာတာဝန်ရှိသူများနဲ့ ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။
အခုအခါမှာတော့ နေရပ်ကို ပြန်လာကြတဲ့သူများဟာ တဖြည်းဖြည်း များလာတာကြောင့် စီစဉ်ထားတဲ့ ၁၄ ရက် သီးသန့် နေရာမှာ မလုံမလောက်ဖြစ်လာတာကြောင့် နေထူးနိုင်က တဖက်တလမ်းမှ ကူညီပေးတာဖြစ်တယ်လို့ သိရပါတယ်။
ရေနံချောင်းမြို့နယ်မှာတော့ နိုင်ငံရပ်ခြားမှ နေရပ်သို့ ဇန်နဝါရီလ ၁၇ ရက်မှ မတ်လ ၂၆ ရက်နေ့အထိ ပြန်ရောက်လာသူ ကျား ၁၇၇ ဦး ၊ မ ၁၀၇ ဦး စုစုပေါင်း ၂၈၄ ဦးခန့်ရှိနေပြီး သက်ဆိုင်ရာ ကျန်းမာရေးဌာနခွဲဝန်ထမ်းများမှ ကျန်းမာရေး စစ်ဆေးခဲ့ရာ ထူးခြားမှု တစုံတရာ မရှိသေးဘူးလို့ သိရပါတယ်။
အခုဆိုရင်တော့ မြန်မာနိုင်ငံမှာ COVID – 19 ပိုးတွေ့ရှိသူ ၁၆ ယောက်မှာ ၁ ဦး သေဆုံးသွားပြီဖြစ်ပြီး ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သရုပ်ဆောင် နေထူးနိုင် အပါအဝင် နယ်ပယ်အသီးသီးနဲ့ အနုပညာရှင်များစွာလည်း ကျန်းမာရေးအသိပေးမှုများ ၊ လှူဒါန်းမှုများ ပြုလုပ်လျက် ရှိပါတယ်။
You may also like these stories:
COVID-19 ပျံနှံ့မှုတွေကြောင့် Wimbledon ပွဲစဉ်များ ဖျက်သိမ်း
အမေရိကန်မှာ စံချိန်တင် ကိုရိုနာဗိုင်းရပ်စ် ၂၀၀,၀၀၀ ကျော် ကူးစက်ခံရ