Entertainment

အရေးကြီးတဲ့အချိန် ဖြစ်လာရင် ဆန်လှူဖို့ စီစဉ်နေတဲ့ အဆိုတော် ထူးအယ်လင်း

မြန်မာနိုင်ငံမှာ COVID-19 ရောဂါဖြစ်ပွားနေချိန်မှာ လက်လုပ်လက်စား လူတန်းစားတွေအတွက် လှူပေးဖို့ အစီအစဉ်ရှိတယ်လို့ အဆိုတော် ထူးအယ်လင်းက ဆိုလိုက်ပါတယ်။

“ကျနော့် ပရိသတ်တွေ ရောဂါကို မပေါ့နဲ့လို့ ပြောချင်ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးကလည်း ခေါင်းမာတယ်။ ထိမှ သိကြတယ်။ ကျနော်ကိုယ်တိုင်လည်း ခေါင်းမာတယ်။ အခုတော့ ကျနော်ကိုယ်တိုင်လည်း အိမ်မှာနေပါတယ်။ ပရိသတ် တွေလည်း အိမ်မှာ နေပေးကြပါ။ ကျနော်အရင်က ခရီးသွားတယ်။ အခုတော့ ခရီးတွေ မသွားတော့ဘူး။ သိပ်ပြီးလည်း အပြင်မထွက်တော့ဘူး”

“ကျနော့်ဆီ လာလည်ရင်လည်း နေရာ ဝေးဝေးကနေပဲ စကားပြောတယ်။ Home Stay နေလို့ ရတဲ့သူတွေက ရိက္ခာတွေ စုပြီး နေလို့ရပြီး နေလို့ရပေမယ့် ဆိုက္ကားနင်းသူတွေ၊ တနေ့လုပ် တနေ့ စားရသူတွေ၊ ပန်းရောင်းတဲ့ ကလေးသူငယ်တွေ အရမ်းသနားဖို့ ကောင်းတယ်။ အဲ့ဒါမျိုးတွေက ရောဂါဆိုလည်း ဂရုမစိုက်နိုင်ဘူး။ ကျနော်လည်း စိတ်မကောင်းပါဘူး။ ကျနော်ဖြစ်စေချင်တာ လူမှုကူညီရေး အသင်းတွေ၊ အစိုးရကအစ ဒီလို လူတွေအတွက် လှူပေးစေချင်တယ်”

“အရမ်းအရေးကြီးလာရင်တော့ ဆန်တွေလည်း လှူလို့ စီစဉ်ထားတယ်။ ကျနော်က PPE ဝတ်စုံ တွေ လှူဖြစ်တယ်။ ဆေးဖျန်းဖို့က သတ်သတ်၊ စောင့်ကြည့် လူနာနဲ့ တွေ့ရင် ဝတ်ဖို့က သတ်သတ်၊ ကျနော်တို့ အမျိုး အစား ၃ မျိုးလောက် ခွဲလှူရတယ်။ တစုံ တစုံကလည်း တခါပဲ သုံးရတာ။ ဈေးနှုန်းကလည်း ဈေးများတယ်။ အဲ့တော့ ကျနော်တို့က တတ်နိုင်သလောက်တော့ လှူတယ်”လို့ ထူးအယ်လင်းက ပြောပါတယ်။

ပြည်တော်ပြန် မြန်မာနိုင်ငံသားများအနေနဲ့လည်း မြန်မာနိုင်ငံပြန်လာတဲ့အခါ အစိုးရချမှတ်ထားတဲ့ စည်းကမ်းလေးတွေ လိုက်နာကြစေချင်တယ်လို့ ထူးအယ်လင်းက ဆိုပါတယ်။

“ကျနော်တို့ “ခလုတ်ထိရင် အမိတ” ကြတာပဲ။ ပြန်လာကြတဲ့သူတွေလည်းသနားပါတယ်။ ဘယ်သူမှလည်း မကောင်းမပြောချင်ပါဘူး။ ပြည်ပက ပြန်လာရင် ၁၄ရက် စောင့်ကြည့်မယ်လို့ အစိုးရက ချမှတ်ထားရင် အဲ့တိုင်းလေးနေကြတာ ပြဿနာ မဟုတ်ဘဲ စောင့်ကြည့်မခံချင်လို့ ရှောင်တိမ်းရင် သူ့ကိုယ်သူ သတ်တာ ဖြစ်သလို သူ့မိသားစုကိုလည်း သတ်တာ ဖြစ်နိုင်တယ်။ ဖြစ်နိုင်ရင် အသိဉာဏ် ပိန်းတာပေါ့။ ပိန္နဲသီးလေးတွေကို အသိဉာဏ်ပေးရမယ်”

“လိုအပ်ရင်လည်း ထိထိရောက်ရောက် ဆောင်ရွက်ရမယ်။ သူတို့ အနေနဲ့ ပြန်ကြည့်တော့လည်း မြန်မာပြည်ကို ဘယ်သူမဆို လွမ်းတာပဲ။ ကိုယ့်နိုင်ငံပြန်လာရင်တော့ စည်းကမ်းလေးတွေ လိုက်နာကြပါ။ ကျနော်တို့ မြန်မာလူမျိုးတွေက စည်းကမ်းပိုင်းမှာ ပေါ့လျော့တယ်။ ပေါ့လျော့တော့ အပ်နဲ့ ထွင်းရမှာ၊ ပုဆိန်နဲ့ ပေါက်ရတတ်တာတွေ ရှိတယ်။ အဲ့တော့ ပြန်လာတဲ့သူတွေကို ပြောချင်တာ၊ ကိုယ်ချင်းစာ ပါတယ်။ စည်းကမ်းတော့ လိုက်နာကြပါ ”လို့ ထူးအယ်လင်းက ပြောပါတယ်။

You may also like these stories:

ပုဂံ ယဉ်ကျေးမှုနယ်မြေအတွင်းရှိ စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရန် ညွှန်ကြား

COVID-19 နဲ့ ပတ်သက်တဲ့ ဆေးတွေတော့ နိုင်ငံတိုင်းမှာ လိုအပ်နေတယ်

Loading