မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုများ လျော့နည်းအောင် အပြင်မသွားဘဲ အိမ်ထဲမှာ နေနေကြတဲ့ ပရိသတ်တွေအတွက် “အိမ်ထဲမှာနေ” သီချင်းကို တေးရေး ဝေကြီးက ရေးစပ်ခဲ့ပါတယ်။ လတ်တလောမှာ ဒီသီချင်းကို လူကြိုက်များနေပြီး ရေးစပ်ဖြစ်တဲ့အကြောင်းကို အခုလို ဆိုပါတယ်။
“ကျနော်အနုပညာနဲ့ ပတ်သက်ရင် စဉ်းစားတယ်။ ကျနော့်ဘက်ကနေ ပညာပေးလို့ရမယ့် အရာဆို လုပ်ပေးတယ်။ အခု “အိမ်ထဲမှာနေ” သီချင်းလေး ရေးဖြစ်တာပေါ့။ ရေးလို့ရတဲ့ အတိုင်းအတာလည်း ဖြစ်တယ်။ အိမ်မှာ ချက်ချင်းရေး အသံသွင်းပြီး တင်လိုက်တာ။ ဒီသီချင်းကို ပရိသတ်အားပေးတယ်၊ အားမပေးဘူး၊ ကြိုက်တယ်၊ မကြိုက်ဘူး ဆိုတာထက် ဒီသီချင်းလေးနားထောင်ပြီး အိမ်မှာ ရက်အကြာကြီး စိတ်ညစ်နေမှာစိုးလို့ အားပေးတဲ့ သဘောနဲ့ ရေးပြီး ဆိုခဲ့တာပါ”
“Music Video ရိုက်ဖြစ်တာက ပထမတော့ အိမ်မှာ ရိုက်မလို့ စီစဉ်ထားတာ။ Media 7 က ရိုက်မယ်ဆိုတာနဲ့ ရိုက်ဖြစ်သွားတာ။ ပရိသတ်တွေ အိမ်မှာပဲ နေစေချင်တယ်။ အခြေခံ လူတန်းစားတွေကိုလည်း စိတ်မကောင်းဖြစ်မိတယ်။ လှူတဲ့သူတွေလည်း သူတို့တွေကို လှူစေချင်တယ်။ ကျနော်လည်း တတ်နိုင်သလောက်တော့ အလှူငွေ ထည့်ဝင် လှူဒါန်းဖြစ်ပါတယ်”လို့ ဝေကြီးက ပြောပါတယ်။
ပြည်တော်ပြန်တွေ ကိုယ့်တိုင်းပြည် ပြန်လာတဲ့အခါ စည်းကမ်းလိုက်နာကြဖို့လည်း ဝေကြီးက အခုလိုတိုက်တွန်း ပြောခဲ့ပါတယ်။
“ပြည်တော်ပြန်တွေ ကိုယ့်တိုင်းပြည်တော့ ပြန်လာလို့ ရတယ်။ ပြန်လည်း ပြန်လာလို့ရပါတယ်။ ၁၄ ရက်ဆိုလည်း ၁၄ ရက် နေပေးကြပါ။ စည်းကမ်းလိုက်နာဖို့လည်း သူတို့ နားလည်ကြမှာပါ။ ပိုတောင် သိကြမှာပါ။ အစိုးရချမှတ်ထားတဲ့အတိုင်း စည်းကမ်းလိုက်နာပေးကြပါ။ ကျနော်တို့က အိမ်မှာနေပြီး ပြင်မထွက်နဲ့လို့ ပြောရင် ငါတို့ မထွက်ရင် ဘာနဲ့ စားရမလဲ ပြန်ပြောမှာလေ”
“သူတို့ကို အသိပညာလေးတွေ သိစေချင်တယ်။ အဲ့အတွက်က ကျနော်သီချင်းလေး နားထောင်ပြီး အိမ်မှာ နေတယ်။ လက်ဆေးတယ်၊ Mask တပ်တယ်ဆိုရင် ရောဂါ မဖြစ်ပါလားဆိုတာ သိစေချင်တယ်။ ကျနော်သီချင်း “ဆေး” သီချင်းကြောင့် ဆိုပြီး ပြောနေကြတယ်။ ကျနော်သီချင်းက အသည်းကွဲသီချင်းပါ။ အသည်းကွဲတာအတွက် ရည်ညွှန်းပါတယ်။ ကိုရိုနာက အဆုတ်နဲ့ ဆိုင်တယ်။ ကျနော်က အသည်းကွဲရင် ပျောက်တဲ့ ဆေးပါ”ဝေကြီးက ပြောပါတယ်။
You may also like these stories:
အပြင်ထွက် အလုပ်လုပ်နေရသူတွေအတွက် စိတ်မကောင်းဘူးလို့ ဂျူဝယ်လ် ပြော
COVID -19 ကူးစက်ခံခဲ့ရပေမယ့် အကြောက်မလွန်ဖို့ ပြောတဲ့ အောင်ရင်
“Top Gun” နောက်ဆက်တွဲ ရုပ်ရှင် ပြသမယ့်ရက်ကို ဇွန်လကနေ ဒီဇင်ဘာအထိ ရွှေ့ဆိုင်း