အမေရိကန်အဆိုတော် Pink ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါဖြစ်တဲ့ COVID-19 ပိုးကူးစက်ခံခဲ့ရကြောင်း စမ်းသပ်တွေ့ရှိခဲ့ရပြီး အခုတော့ ပြန်လည်သက်သာလာပြီလို့ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
Instagram ပို့စ်မှာ အဆိုတော် Pink က “လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်တုန်းက ကျမရဲ့ အသက် ၃ နှစ်အရွယ် သားလေး Jameson နဲ့ ကျမတို့ဆီမှာ COVID-19 ရောဂါလက္ခဏာတွေ ပြသခဲ့ပါတယ်။ ကံကောင်းချင်တော့ ကျမတို့ရဲ့ မိသားစု သမားတော်က စမ်းသပ်မှုတွေ လုပ်ခဲ့ပြီး ပိုးရှိနေတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပါတယ်” လို့ ရေးသားခဲ့ပါတယ်။
ဆက်ပြီး သူက “ကျမတို့ မိသားစုဟာ အိမ်မှာပဲ နေထိုင်နေခဲ့တာဖြစ်ပြီး ကျမတို့ရဲ့ ဆရာဝန် ညွန်ကြားချက်တိုင်း လွန်ခဲ့တဲ့ သီတင်း၂ပတ်တာကာလမှာလည်း အိမ်မှာပဲ ဆက်လက်နေထိုင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျမတို့ ဆေးပြန်လည် စစ်ဆေးခဲ့ပြီး အခုတော့ ပိုးမရှိကြောင်း ပြသနေပြီဖြစ်ပါတယ်” လို့ သားလေးနဲ့အတူ ရိုက်ထားတဲ့ ဓာတ်ပုံကိုတင်ပြီး ရေးသားခဲ့ပါတယ်။
အဆိုတော် Pink ကတော့ အခုလိုမျိုး ရောဂါပိုး ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုတွေကို အခမဲ့ဖြစ်စေချင်ပြီး ပိုမိုထောက်ပံ့မှု ပေးစေလိုကြောင်းလည်း ဆိုပါတယ်။ ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် အစစ်ဆေးခံတာမျိုးတွေ မလုပ်နိုင်ရတာဟာ အမေရိကန်အစိုးရရဲ့ ညံ့ဖျင်းမှုသာဖြစ်တယ်လို့လည်း ပြောခဲ့ပါတယ်။
“What About Us” ,“Just Give Me A Reason” , “Just Like A Pill” တို့လိုသီချင်းတွေနဲ့ နာမည်ကျော်တဲ့ အဆိုတော် Pink က ဖိလစ်ဒါးဖီးယားမြို့မှာ ရှိတဲ့ Temple University Hospital Emergency Fund နဲ့ City of Los Angeles Mayor’s Emergency COVID-19 Crisis Fund အဖွဲ့တွေထံ ဒေါ်လာ ၁ သန်းကို တဝက်စီ ခွဲလှူဒါန်းခဲ့ကြောင်းလည်း ကြေညာခဲ့ပါတယ်။
Ref:Reuters
You may also like these stories:
“Top Gun” နောက်ဆက်တွဲ ရုပ်ရှင် ပြသမယ့်ရက်ကို ဇွန်လကနေ ဒီဇင်ဘာအထိ ရွှေ့ဆိုင်း
နောက်ပြောင်ဆဲဆိုရင်း ပရိသတ်တွေ အိမ်မှာနေဖို့ တိုက်တွန်းလိုက်တဲ့ Samuel L. Jackson
ဆေးရုံတွေအတွက် လက်သန့်ဆေးရည် ထုတ်လုပ်မယ့် Kylie Jenner