Entertainment

“မိန်းမလျာတွေကို မြင်ရင် ပျော်စေချင်တဲ့ စိတ်နဲ့ ဖျော်ဖြေခဲ့တာပါ”

မြန်မာနိုင်ငံက နိုင်ငံကျော် Makeup Artist များ ဖြစ်ကြတဲ့ မိတ်ကပ် ခင်စန်းဝင်း၊ ညီညီမောင် (စမ်းချောင်း) ၊ လင်းလင်းတို့ဟာ ဧပြီလ ၅ ရက်နေ့က Hotel 7 Mile မှာ ၁၄ ရက်တာ Quarantine လုပ်နေရတဲ့သူများကို ပျော်စေချင်တဲ့ စိတ်နဲ့ သွားရောက် ဖျော်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

“အဓိကကတော့ ပွဲစီစဉ်တဲ့ကို နဂါးလေးကနေ သုသုတို့ကို ကဖို့ ဖိတ်တယ်။ လင်းလင်းရယ်၊ မကြီးစန်းရယ် သုရယ်ကို ဖိတ်တယ်။ ကိုယ်တွေတောင် အိမ်ထဲမှာ လွတ်လွတ်လပ်လပ် နေနေရတာ မနေနိုင်တာလေ။ သူတို့ဆိုရင် ၁၄ ရက်တောင် နေနေရတာဆိုတော့ ကိုယ်ချင်းစာလို့ပါ။ ကိုယ်တွေ မိန်းမလျာတွေကိုမြင်ရင် ပျော်သွားမယ်။ စိတ်ကြည်လင်သွားမယ် အဲ့လိုမျိုးများဖြစ်မလားပေါ့။ အဲ့လိုစိတ်လေးနဲ့ ကပြဖြစ်တာပါ”လို့ ညီညီမောင် (စမ်းချောင်း)က ပြောပါတယ်။

“အကုန်လုံးကတော့ ခွာပြီးတော့အားပေးကြရတာပဲ။ တယောက်နဲ့တယောက် ဖျော်ဖြေတာတောင် ၆ ပေအကွာတို့ ဘာတို့ ကပြတဲ့အခါမှာ ဝရံတာကနေ ထွက်ပြီး အားပေးကြပါတယ်”လို့ သူက ဆိုပါတယ်။

ဒီလို သွားရောက် ဖျော်ဖြေခဲ့တာကို Makeup Artist တယောက်က ဝေဖန်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ညီညီမောင်က အခုလိုပဲ ဆိုပါတယ်။

“ဘယ်လိုမှ မခံစားဘူး။ ကိုယ်ဖျော်ဖြေတယ်ဆိုတာ အားလုံးအတွက်ပဲ။ ဒါပေမဲ့ ဒီလိုမျိုးပဲ ကိုယ့်လောကသားထဲကဆိုတော့ ဘယ်လိုမှ မခံစားရဘူး။ ဘာမှလည်း မဖြစ်ပါဘူး။ လုပ်ငန်းတိုင်းမှာတော့ အဆိုးနဲ့ အကောင်းဆိုတာ ဒွန်တွဲတာပဲ။ မြတ်စွာဘုရားတောင် ဒေဝဒတ် ရှိသေးတာပဲ။ ကိုယ်တွေလို ဘာမှ မဟုတ်တဲ့ မိန်းမလျာတွေက ဒီလောက် အပြောခံရတာတောင် နည်းပါသေးတယ်”လို့ ညီညီမောင်က ပြောပါတယ်။

သူ့အနေနဲ့လည်း Facebook မှာ Status တခု တင်ခဲ့တာဟာလည်း စိတ်ခံစားချက်မရ စိတ်မကောင်းဖြစ်တာကြောင့်လို့ သိရပါတယ်။

“ကိုယ်က ကိုယ့်စိတ်ခံစားချက်ကိုပဲ တင်တာ။ သူ့အပေါ် စိတ်ဆိုးတာလည်း မရှိဘူး။ စိတ်မကောင်းတာလည်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်တွေလေးစားရတဲ့ ပုဂ္ဂိုလ်တယောက်က ဒါမျိုးရေးလိုက်လို့ စိတ်ခံစားချက်အရ စိတ်မကောင်းတာပဲ ရှိတယ်။ နာကြည်းတာလည်း မရှိဘူး။ မုန်းတီးတာလည်း မရှိဘူး။ ဘာမှ မရှိဘူး” လို့ ညီညီမောင်က ပြောပါတယ်။

အခုလို လူစုလူဝေးပြုလုပ်ခွင့် မပြုတော့ဘဲ ပွဲလမ်းသဘင်များ ပျက်သွားတာကြောင့် လက်ခံထားတဲ့ပွဲများလည်း ရွှေ့ကုန်ပေမယ့် ဒါဟာ ကိုယ်တယောက်တည်း ဖြစ်တာ မဟုတ်တဲ့အတွက် အချိန်တန်ရင် အလုပ်များ ပြန်လုပ်ရမှာဖြစ်ပြီး အခုအချိန်မှာတော့ အိမ်ထဲမှာနေတာ အကောင်းဆုံးပဲလို့ ပြောခဲ့ပါတယ်။

“စီးပွားရေးကတော့ ကိုယ်တယောက်တည်းဖြစ်တာ မဟုတ်ဘဲနဲ့ အကုန်လုံးက ဖြစ်တာပဲလေ။ ပွဲတွေအကုန်လုံးကလည်း ရွှေ့ကုန်တယ်။ ဘယ်တော့ ပြန်လုပ်မလဲဆိုတာလည်း အခုအချိန်ထိ မသိဘူးပေါ့။ ဒီရောဂါအခြေအနေ စောစောပြီးရင် စောစောပြန်ဖြစ်မယ်။ ကိုယ်တွေအလုပ်ကလည်း ပွဲတွေလမ်းတွေရှိမှ ပြင်ရတဲ့ မိတ်ကပ်ပညာရှင်တွေဆိုတော့ အားလုံးဖြစ်လို့ဖြစ်တာ။ ဒါတွေကလည်း တရားသဘောတွေပဲ” လို့ ညီညီမောင်က ပြောပါတယ်။

ဆက်လက်ပြီး ညီညီမောင်က “ကိုယ်တွေရှာတုန်းကလည်း နှစ်ပေါင်းများစွာ မနိုင်မနင်း၊ မနေမနား ရှာထားတယ်။ အခုလို နားရတယ်ဆိုတာ ဒီလိုမျိုးနားမှလည်း အဆင်ပြေမှာ။ ကိုယ်ကူးလို့ရှိရင် တခြားကျန်းမာရေးဝန်ထမ်းတွေ ဒုက္ခရောက်မယ်။ ကိုယ့်မိသားစု ဒုက္ခရောက်မယ်။ ကိုယ့်ကိုယ်ကိုယ် ကယ်တင်တာ အားလုံးကို ကယ်တင်တာပဲ။ အဲဒါကြောင့် အိမ်ထဲမှာနေတာ အကောင်းဆုံးပဲ”လို့ ပြောပါတယ်။

ယခု ရက်ပိုင်းအတွင်းမှာလည်း ညီညီမောင်အနေနဲ့ Mask တွေ မှာယူထားပြီး သန်လျင်ရှိ သဘာဝတရား ရိပ်သာကို သွားရောက် လှူဒါန်းဖို့ရှိတယ်လို့ သိရပါတယ်။

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးတဲ့နောက် ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်တဲ့ အဆိုတော် Pink

COVID-19 နဲ့ ပတ်သက်ပြီး “Save the world” သီချင်း ဖန်တီးခဲ့တဲ့ ယုန်လေး

ကိုဗစ်ကာလမှာ “အိမ်ထဲမှာနေ” သီချင်းရေးခဲ့တဲ့ တေးရေး ဝေကြီး

Loading