တမ္ဘာလုံး ရင်ဆိုင်နေရတဲ့ COVID -19 ကပ်ဆိုးကြီးကြောင့် အိမ်ထဲမှာ နေနေရတဲ့အချိန် လူတွေမှာဖြစ်ပေါ်လာတဲ့ မွန်းကြပ်မှုများ စိတ်ခံစားချက်များကို နားထောင်ပေးဖို့အတွက် စဉ်းစားထားတယ်လို့ သရုပ်ဆောင် ကျော်ကျော်ဗိုက ပြောပါတယ်။
“စဉ်းစားထားတာလေးတွေ ရှိတယ်။ ကျနော်တို့ တခုခုပေါ့နော်။ အွန်လိုင်းသုံးနေတဲ့ မိတ်ဆွေတွေရော၊ ပရိသတ်တွေရော ကျနော်နဲ့ လုပ်လို့ရမယ့် လှုပ်ရှားမှုလေးတွေကို လုပ်မယ်။ ဈေးရောင်းပြီး လှူလိုက်ကြတာမျိုးတွေ နောက်ပြီး Stay at Home ပြီး ဘယ်လိုမျိုး ဖြတ်သန်းလဲ၊ ခံစားမှုတွေ ဘယ်လိုရှိလဲ ဒီကပ်ရောဂါကြီးအတွင်း စိုးရိမ်ထိတ်လန့်မှုတွေ ဘယ်လိုရှိလဲ။ အဲဒါမျိုးတွေ ပြောပြီး ကျနော့်ကို Messenger ကနေ ပို့ပေးပါလား”
“အဲဒါဆိုရင် ကျနော်ကလည်း ပြန်ပြီးတော့ တဦးတယောက်ချင်းကို ဆက်သွယ်ပြီး ပြန်ပြောပေးလို့ရတာပေါ့။ အဲ့လိုလေးလည်း စဉ်းစားထားပါတယ်” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
တနေ့တာ ဖြတ်သန်းမှုမှာ ခံစားနေရတဲ့ မွန်းကြပ်မှုများကို ဖွင့်ထုတ်ပြီး ဗီဒီယိုဖြင့် သူ့ထံ ပေးပို့ပေးရမှာဖြစ်ပြီး ကျော်ကျော်ဗိုက ပြန်လည်ပြောပေးတဲ့အခါ ဂရုစိုက်ရာလည်း ကျမယ်လို့လည်း သူက ဆိုပါတယ်။
“ကိုယ့်ရဲ့တနေ့တာ ဖြတ်သန်းမှုမှာ မွန်းကြပ်မှုတွေ ပျော်ရွှင်မှုကတော့ နည်းပါတယ်။ အဲဒါတွေကို ဖွင့်ထုတ်ပြီးတော့ ဗီဒီယိုလေးတွေ ရိုက်ပြီးပို့ပေးပါ။ ကျနော်က ပြန်ပြောပေးမယ်။ အဲဒါဆို တဦးချင်း၊ တယောက်ချင်းကို ဂရုစိုက်ပေးရာလည်း ရောက်မယ်ပေါ့။ အဲ့လိုလေးတော့ စဉ်းစားထားပါတယ်” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
အိမ်မှာနေရတဲ့ ရက်တွေမှာတော့ မိုးလင်း၊ မိုးချုပ်ဟာ အရမ်းမြန်ဆန်လွန်းပြီး နေထိုင်မှု နေ့ရက်တွေက တိုတောင်းလွန်းတယ်လို့ ဆိုပါတယ်။
“ကျနော်ဆို အိမ်မှာ တနေ့တနေ့ နေနေရင်းနဲ့ စဉ်းစားတယ်။ မိုးလင်းနဲ့ မိုးချုပ်က အရမ်းမြန်တယ်။ အဲဒါကို စဉ်းစားနေတာ တပတ်လောက်ကြာပြီ။ နေရောင်တွေ ထွက်လာရင် လုပ်စရာရှိတာတွေ လုပ်နေရင်းနဲ့ကို မိုးကချုပ်သွားပြန်ရော။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့အတွေးကို ပြန်တွေးလို့ရတဲ့အချိန်မှာ ပြန်တွေးလိုက်တဲ့အခါမှာ ကျနော်တို့ သက်တမ်းတွေ နေထိုင်မှု နေ့ရက်တွေ ကုန်ဆုံးသွားတာက မြန်လွန်းအားကြီးတာကို တွေ့ရတယ်။ ကျနော်တို့ဘဝတွေ၊ ဘဝတွေ ရရှိထားတာ လက်တဖျောက်စာလေးပါပဲ” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
ဒီကပ်ဆိုးကြီးကတော့ တမ္ဘာလုံးအတိုင်းအတာနဲ့ တသက်တာမှာ တခါကြုံတွေ့ရတဲ့ ကပ်ဆိုးတခုဖြစ်တယ်လို့ ဆိုပါတယ်။
“ဒီရောဂါက ကျနော်တို့ တသက်မှာတခါ ကြုံတွေ့တဲ့ ကပ်ဘေးတခုနဲ့ တူပါတယ်။ မွေးကတည်းကနေ အခုထိ တကမ္ဘာလုံး အုပ်အော်သောင်းနင်းဖြစ်တဲ့ ကိစ္စက မရှိဘူးလေ။ အခုမှ ဖြစ်သွားတာဆိုတော့ တော်တော်လေးကို အံ့သြဘနန်းတွေ ဖြစ်နေကြတာပေါ့” လို့ ကျော်ကျော်ဗိုက ပြောပါတယ်။
လူအများကိုလည်း အရမ်းကြီးကြောက်ရွံ့မနေဘဲ ဆောင်ရန်၊ ရှောင်ရန်များကို လိုက်နာကြဖို့အတွက်လည်း သူက ပြောခဲ့ပါတယ်။
“အားလုံးလည်း စိုးရိမ်ကြောင့်ကြတာတော့ စိုးရိမ်ကြတာပေါ့။ ဒါပေမဲ့ ကူးမယ်ဆိုရင် ကူးလို့ရတဲ့အနေအထား ကျနော်တို့ ပတ်ဝန်းကျင်မှာ အားလုံး ရှိပါတယ်။ ကျနော်တို့က ကူးစက်နိုင်မယ့်အနေအထားကို လျှော့ချလို့ပဲ ရမယ်။ ရာနှုန်းပြည့်တော့ မရဘူး။ ဒီလိုလျှော့ချနိုင်ဖို့အတွက် တယောက်ချင်းစီက ဆောင်ရန်၊ ရှောင်ရန်လေးတွေကို လိုက်နာကြဖို့ လိုပါတယ်”လို့ ကျော်ကျော်ဗိုက ဆိုပါတယ်။
ကျော်ကျော်ဗိုကတော့ ဒီအကြောင်းအရာများကို သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာကတဆင့် ပရိသတ်တွေကို Live လွှင့်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
ဒီအချိန်အခြေခံလူတန်းစားများကို ဝိုင်းဝန်းကူညီဖို့ လိုအပ်ကြောင်း ကျော်ကျော်ဗိုပြော
ဇာတ်ကားတွေ ရွေးရိုက်နေတာကြောင့် သမီးလေးကို အချိန်ပိုပေးဖြစ်တယ်