ကလေးတွေအတွက် ဟယ်ရီပေါ်တာ ဝက်ဘ်ဆိုက်အသစ် ဖန်တီးလိုက်တဲ့ J.K. Rowling
လက်ရှိအချိန်ကာလမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝှမ်းလုံး အတိုင်းအတာနဲ့ ကလေးရော၊ လူကြီးပါ အချိန်တော်တော်များများကို အိမ်ထဲမှာပဲ ဖြတ်သန်းနေကြရတာပါ။
လူကြီးတွေအဖို့တော့ အိမ်မှာနေရင်း အလုပ်လုပ်နိုင်သလို တခြားသော အိမ်မှုကိစ္စတွေ လုပ်နေရတာကြောင့် ပျင်းရိဖို့ အချိန်သိပ်မရှိပေမယ့် ကလေးတွေအတွက်တော့ အိမ်မှာနေတာ ကြာလာတာနဲ့အမျှ ပျင်းရိ ငြီးငွေ့စရာ ကောင်းလာပါတယ်။
ဒါကြောင့် ဟယ်ရီပေါ်တာ ဇာတ်လမ်းတွေကို ရေးသားဖန်တီးသူ စာရေးဆရာမ J.K. Rowling ဟာ ကလေးတွေအတွက် အပျင်းပြေစေမယ့် ဟယ်ရီပေါ်တာ ဝက်ဘ်ဆိုက်အသစ်တခု ဖန်တီးပေးလိုက်ပါတယ်။ ဒီ ဝက်ဘ်ဆိုက်အသစ်ကတော့ “Harry Potter At Home” လို့အမည်ရပြီး J.K Rowling ရဲ့ အောင်မြင်ခဲ့တဲ့ ဟယ်ရီပေါ်တာ စာအုပ်တွေကို အခြေခံပြီး ဖန်တီးပြုလုပ်ထားတာပါ။
ဝက်ဘ်ဆိုက်အသစ် “Harry Potter At Home” ကိုတော့ ဟယ်ရီပေါ်တာရဲ့ မူလ ဝက်ဘ်ဆိုက်ဖြစ်တဲ့ Wizardingworld.com မှာ ရနိုင်မှာ ဖြစ်ပြီး ဟယ်ရီပေါ်တာနဲ့ ပတ်သက်တဲ့ ဉာဏ်စမ်းတွေ၊ ပုံဆွဲနည်း၊ စကားလုံးဆက် ကစားနည်း၊ ဗီဒီယိုတွေနဲ့ တခြားသော ဂိမ်းကစားနည်းတွေ ပါဝင်ပါတယ်။
J.K. Rowling ကတော့ ဒီဝက်ဘ်ဆိုက် ဖန်တီးပြုလုပ်ဖြစ်ပုံနဲ့ ပတ်သက်ပြီး အခုလိုပဲ ရှင်းပြခဲ့ပါတယ်။
“အိမ်တွင်းအောင်းနေရတဲ့ အခုလိုအချိန်အခါမှာ ကလေးတွေရော၊ လူကြီးတွေပါ စိတ်ပျော်ရွှင် အပန်းပြေစေနိုင်ဖို့ ဖန်တီးဖြစ်တာပါ။ နေ့စဉ်ဘဝမှာ ကလေးတွေအတွက်က လုပ်စရာတွေ နည်းပါးတယ်လေ၊ ဒီဝက်ဘ်ဆိုက် အသစ်ထဲ သူတို့လေးတွေ ဝင်ကြည့်ပြီး ခဏတာ စိတ်ပျော်ရွှင်မှု ရတယ်ဆိုရင်ပဲ ဖန်တီးရကျိုးနပ်ပါတယ်” လို့ သူက ဆိုပါတယ်။
လတ်တလောမှာတော့ J.K. Rowling ဟာ သူ့ရဲ့ ပထမဦးဆုံး ထွက်ရှိခဲ့တဲ့ စာအုပ် “Harry Potter and The Philosopher’s Stone” ကို အွန်လိုင်းမှာ အခမဲ့ ဖတ်ရှုနိုင်ကြောင်း ကြေညာထားပြီး ဘာသာစကား ၆ မျိုးနဲ့ ရရှိနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Ref. www.thewrap.com
You may also like these stories:
မိခင်ဖြစ်သူကို သေဆုံးစေခဲ့တဲ့ ရောဂါသုတေသနအတွက် ဒေါ်လာ ၁၉ သန်းလှူဒါန်းခဲ့တဲ့ J.K. Rowling
ကျိန်စာနှင့်မန္တန် အစစ်များ ပါဝင်တာကြောင့် ဟယ်ရီပေါ်တာ စာအုပ်များ တားမြစ် ပိတ်ပင်ခံရ
မကြာမီ ဟယ်ရီပေါ်တာ ဝတ္ထု E-book ၄ အုပ် ဖြန့်ချိဖို့ရှိနေတဲ့ J.K. Rowling