ကမ္ဘာကျော် အဆိုတော် လေဒီဂါဂါဟာ တကမ္ဘာလုံးမှာ ဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကို ရင်ဆိုင်တုံ့ပြန်နေကြတဲ့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်သားတွေကို ထောက်ပံ့ပေးနိုင်ဖို့အတွက် Paul McCartney, Lizzo, Billie Eilish နဲ့ တခြားအနုပညာရှင်တွေ ပါဝင်ပြီး တကမ္ဘာလုံးကို ထုတ်လွှင့်မယ့် အစီအစဉ်တခုကို ဧပြီလ ၆ ရက်နေ့မှာပဲ ကြေညာခဲ့ပါတယ်။
“One World: Together at Home” ခေါ်တဲ့ အဲ့ဒီအစီအစဉ်ကို ရုပ်သံလိုင်းတွေ နဲ့ ဒစ်ဂျစ်တယ်ကွန်ရက်တွေကနေ တဆင့် ဧပြီလ ၁၈ ရက်နေ့မှာ ကမ္ဘာတဝန်းလုံးကို ထုတ်လွှင့် ပြသသွားမှာ ဖြစ်ပါတယ်။
အဲ့ဒီ အစီအစဉ်ကိုတော့ ရုပ်သံ ဟာသပညာရှင်တွေဖြစ်တဲ့ Jimmy Kimmel, Jimmy Fallon နဲ့ Stephen Colbert တို့က တင်ဆက်ပေးကြမှာ ဖြစ်ပါတယ်။ အခုလိုမျိုး နာမည်ကျော်တွေ ပါဝင်လာဖို့ လူစုပေးခဲ့တဲ့ အဆိုတော် ဂါဂါက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကိုရိုနာဗိုင်းရပ်စ် တုံ့ပြန်ရေးအစီအစဉ်ကို ကူညီတဲ့အနေနဲ့ Global Citizen အဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်တာလည်း ဖြစ်ပါတယ်။
ဂါဂါရဲ့ အဆိုအရ အခုလို အကျပ်အတည်းကို ကူညီဖို့ စီစဉ်သူတွေက ဒေါ်လာ ၃၅ သန်း ရရှိထားပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ အဲ့ဒီလှူဒါန်း ရရှိငွေတွေကိုတော့ WHO ရဲ့ COVID -19 Solidarity Response Fund (စည်းလုံးညီညွတ်စွာ တုံ့ပြန်ရေး ရန်ပုံငွေ) ထံ ပေးအပ်မှာ ဖြစ်ပါတယ်။
သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ မကြာခင် ထုတ်လွှင့်မယ့် အစီအစဉ်ကနေ ရန်ပုံငွေတွေ ထပ်တိုးရရှိလာဖို့ ဖြစ်ပြီး ကြည့်ရှုသူတွေအနေနဲ့ ထိုက်တန်တဲ့ ဖျော်ဖြေမှုအစီအစဉ်ကို ခံစားရမယ့်အကြောင်း ဂါဂါကဆိုပါတယ်။
ထုတ်ပြန်ချက်တခုရဲ့အဆိုအရ အဲ့ဒီအစီအစဉ်မှာ Alanis Morissette, Andrea Bocelli, Billie Eilish, Chris Martin, David Beckham, Elton John, John Legend, Keith Urban, Stevie Wonder နဲ့ တခြား အနုပညာရှင်တွေရဲ့ ပါဝင်တင်ဆက်မှုတွေကို မြင်တွေ့ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Ref: Reuters
You may also like these stories:
ကလေးတွေအတွက် ဟယ်ရီပေါ်တာ ဝက်ဘ်ဆိုက်အသစ် ဖန်တီးလိုက်တဲ့ J.K. Rowling
“Black Widow” ရုပ်ရှင် ရုံတင်ရက်အသစ် Marvel ကြေညာ
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးတဲ့နောက် ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်တဲ့ အဆိုတော် Pink