COVID -19 ကာကွယ်ထိန်းချုပ်ရေးအတွက် အရေးကြီးကာလဖြစ်တဲ့ သင်္ကြန် ရုံးပိတ်ရက်ရှည် ကာလအတွင်း ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစားများအတွက် နိုင်ငံတော်မှ ထောက်ပံ့မှုများ ပြုလုပ်ပေးမယ့် အစီအစဉ်မှာ သရုပ်ဆောင် နေတိုးက ငွေကျပ်သိန်း ၁၀၀ ပါဝင်လှူဒါန်းခဲ့ပါတယ်။
“COVID -19 ကာကွယ် ထိန်းချုပ်ရေးနဲ့ ဆက်စပ်ပြီး အရေးကြီးကာလအတွင်း ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစားများအတွက် အိမ်ထောင်စု ၁ စုကို ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ဆား ၅၀ ကျပ်သား၊ ပဲ ၁ ပိဿာ၊ ကြက်သွန် ၁ ပိဿာ စုစုပေါင်း ထောက်ပံ့ ကူညီမှု ၅မျိုးစီကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၁၀ ရက်နေ့မှစပြီး အခမဲ့ ထောက်ပံ့ပေးမယ်ဆိုတာ သိရလို့ အရမ်းဝမ်းသာပီတိ ဖြစ်မိပါတယ်”
“အခုလို ပြည်သူများကို ထောက်ပံ့ကူညီမှုများ ပြုလုပ်ရန်အတွက် ဒီအစီအစဉ်မှာ အလှူငွေ သိန်း ၁၀၀ ကို ထပ်မံ လှူဒါန်းဖြစ်ပါတယ်”လို့ နေတိုးက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကတဆင့် ပရိသတ်တွေကို အသိပေးထားပါတယ်။
အဆိုပါ ထောက်ပံ့မှုကိုတော့ ဧပြီလ ၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ပုံမှန်ဝင်ငွေ မရှိတဲ့လူတန်းစားများအတွက် စားနပ်ရိက္ခာ အထောက်အပံ့များအပြင် ပြည်သူများ၊ ဘာသာရေး အဖွဲ့အစည်းများ၊ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများအတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၁၅၀) ယူနစ် ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ကို ဧပြီလကုန်အထိ ပေးသွားမှာ ဖြစ်ပါတယ်။
နေတိုးကတော့ “အားလုံးပဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ရောဂါဘယ ကင်းဝေးကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါတယ်” လို့လည်း ပြောခဲ့ပါတယ်။
နေတိုးကတော့ COVID -19 အတွက် တဦးတည်း လှူဒါန်းမှုများအပြင် အစုအဖွဲ့လိုက် လှူဒါန်းမှုများမှာလည်း ပါဝင်လှူဒါန်းထားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်လွှင့်ခဲ့ပြီး အဆိုတော် ယုန်လေး ရေးသားထားတဲ့ “Save The World” သီချင်းမှာလည်း ပါဝင်အားဖြည့် သီဆိုထားပါတယ်။
You may also like these stories:
အကယ်ဒမီကို အရမ်း မမျှော်လင့်ထားဘဲ တည်တည်ငြိမ်ငြိမ် ဖြတ်သန်းမယ့် နေတိုး