Entertainment

ကိုဗစ် ရန်ပုံငွေအဖြစ် ဒေါ်လာ ၁ ဘီလီယံ Twitter ပူးတွဲထူထောင်သူ လှူဒါန်း

Twitter ပူးတွဲတည်ထောင်သူ၊ အမှုဆောင်အရာရှိချုပ် Jack Dorsey က သူ့ရဲ့ ပရဟိတ ရန်ပုံငွေကနေ တဆင့် ကိုရိုနာဗိုင်းရပ်စ် လျော့ပါး သက်သာစေရေးအတွက် ကိုယ်ပိုင်ငွေ ဒေါ်လာ ၁ ဘီလီယံကို လှူဒါန်းလိုက်ကြောင်း ဧပြီလ ၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ Dorsey က စုစုပေါင်းချမ်းသာကြွယ်ဝမှုရဲ့ ၂၅ ရာခိုင်နှုန်းရှိတဲ့ ငွေပမာဏကို လှူဒါန်းလိုက်တာလည်း ဖြစ်ပါတယ်။

သူက “အခု ဘာဖြစ်နေလဲ။ လိုအပ်ချက်တွေက တော်တော်လေးကို အရေးပေါ်ဖြစ်လာတယ်။ ကျနော့် ဘဝသက်တမ်းမှာ ထိရောက်မှု ရှိတာကို မြင်ချင်တာပါ။ ဒီလိုမျိုးလုပ်ရပ်က တခြားသူတွေကလည်း အလားတူ လုပ်နိုင်ဖို့ တွန်းအားပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။ ဘဝဆိုတာ တိုတိုလေးပါ။ ဒါကြောင့် ကျနော်တို့ ဒီနေ့ လူတွေကို ကူညီဖို့ အရာအားလုံးကို လုပ်ကြပါစို့” လို့ Twitter မှာ ရေးခဲ့ပါတယ်။

ပရဟိတ လုပ်ဆောင်ချက် အသေးစိတ် အချက်အလက်တွေကို နှစ်နဲ့ ချီပြီး ဖွင့်ချလေ့ မရှိတဲ့ Dorsey က အများပြည်သူ ကြည့်ရှုနိုင်တဲ့ အချက်အလက် မှတ်တမ်းတွေကနေတဆင့် ရန်ပုံငွေထဲက လှူဒါန်းမှုတွေကို အချိန်တိုင်း လူတွေ မြင်တွေ့နိုင်စေမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

Forbes မဂ္ဂဇင်းရဲ့အဆိုအရ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃ ဘီလီယံ အသားတင် ပိုင်ဆိုင်မှုရှိတဲ့ Dorsey က Square ကုမ္ပဏီမှာရှိတဲ့ သူ့ရဲ့ ရှယ်ယာတွေကို လှူဒါန်းမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ပြီးတော့ အဲ့ဒီရှယ်ယာတွေကို အလျင်အမြန် ရောင်းချနိုင်ဖို့ အရှိန်အဟုန်မြှင့် လုပ်ဆောင်မယ်လို့လည်း ဆိုပါတယ်။

အခုလိုမျိုး လှူဒါန်းမှုဟာ ကိုရိုနာဗိုင်းရပ်စ် လျော့ပါးသက်သာစေရေးအတွက် ပုဂ္ဂိုလ်တဦးတယောက်တည်းကနေ လှူဒါန်းတဲ့ အများဆုံး ငွေပမာဏလည်း ဖြစ်လာခဲ့ပါတယ်။

အခုကပ်ရောဂါကြီး အဆုံးသတ်သွားပြီးရင်တော့ အဲ့ဒီငွေတွေကို အမျိုးသမီးလေးတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးကိစ္စတွေ၊ အခြေခံ လုပ်ခလစာ ရရှိရေး ကြိုးပမ်းမှုတွေအတွက် အလေးပေး ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

Dorsey က Twitter မှာတင်ခဲ့တဲ့ စာရွက်စာတမ်းတခုမှာတော့ ကွယ်လွန်သူ Steve Jobs ရဲ့ ဇနီး Laurene Powell Jobs နဲ့ မင်းသား လီယိုနာဒိုဒီကာပရီယိုတို့က ထူထောင်ထားတဲ့ အမေရိကန် အစားအစာ ရန်ပုံငွေအဖွဲ့ထံ ဒေါ်လာ ၁ သိန်းလှူဒါန်းခဲ့ပြီးဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

တခြားနည်းပညာဆိုင်ရာ စွန့်ဦးတီထွင်လုပ်ငန်းရှင်ကြီးတွေဟာလည်း များပြားတဲ့ငွေပမာဏတွေနဲ့ လှူဒါန်းမှု ပြုလာတာကိုလည်းတွေ့ရပါတယ်။ Amazon ထူထောင်သူ Jeff Bezos က ဒေါ်လာ သန်း ၁၀၀ နဲ့ Facebook ထူထောင်သူ Mark Zuckerberg က ဒေါ်လာ ၂၅ သန်း လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။

Ref: CNAlifestyle

You may also like these stories:

ကိုဗစ် ပျောက်အောင် Dettol သောက်ပြီး လူသေဆုံးတဲ့ သတင်းက သတင်းတုဟု ဆို

တရုတ်နိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်လာတဲ့ နိုင်ငံ ၅ နိုင်ငံ

COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာမည်

Loading