လူရွှင်တော် အောင်သော်က COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ဒီအချိန်ကာလမှာ ဆေးဖျန်းခြင်းနဲ့ သံသယ လူနာတွေကို သယ်ဆောင်ပေးတဲ့ နေရာကနေ ပရဟိတ လုပ်ရင်း ပါဝင်ကူညီပေးနေသူပါ။
“ကျနော်ကတော့ လတ်တလောမှာ ဆေးဖျန်းခြင်းနဲ့ သံသယ လူနာ သယ်ပေးနေတယ်။ သံသယလူနာ သယ်တာကတော့ ကျနော် ကိုဝေဠုကျော်နဲ့ အတူ သယ်ပေးပါတယ်။ လူများ သွားလာနိုင်တဲ့ နေရာတွေ ဆေးတွေ ဖျန်းတယ်။ ကျနော့်တို့ဆီမှာ ၂၂ယောက်ပဲ တွေ့တယ်ဆိုတော့ ဘာပဲပြောပြော တော်သေးတာပေါ့။ သူများနိုင်ငံတွေမှာ အရမ်းဆိုးနေတာလေ”
“အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ရောဂါဆိုတော့ Mask တပ်ပါ။ လက်ကို သေချာဆေးကြောပါ။ တကိုယ်ရည် သန့်ရှင်းမှု သေချာရှိရင် ရောဂါကို ကာကွယ်နိုင်ပါတယ်။ ပြည်သူတွေလည်း အပြင်တွေ မထွက်ကြပါနဲ့။ မထွက်တော့ဘူးဆိုရင်လည်း ပြည်သူ+လူရွှင်တော် အသင်းကနေ လိုက်ဝယ်ပြီး ပို့ပေးမယ်။ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေ အတွက်က အခုလိုချိန်မှာ ဖြစ်ပျက်လာတော့ ထိခိုက်မှုတော့ ရှိတာပေ့ါ။ အဲ့ဒါတွေကို ခံနိုင်ဖို့ အရေးကြီးပါတယ်”လို့ အောင်သော်က ပြောပါတယ်။
ဆက်လက်ပြီး လူရွှင်တော် အောင်သော်က ဒီအချိန်ကာလမှာ ပြည်သူတွေကို စိတ်ဓာတ်မကျ၊ အားမငယ်ကြဖို့လည်း အခုလိုပဲ ပြောပါတယ်။
“စိတ်ဓာတ် မကျပါနဲ့။ We Love Yangon အဖွဲ့တွေလည်း ကူညီပေးနေပါတယ်။ ပရဟိတအဖွဲ့အစည်း တွေလည်း ရှိပါတယ်။ ပြည်သူတွေ အားမငယ်ပါနဲ့။ တိုက်ပွဲဝင်တဲ့ အချိန်လေးမှာ သည်းခံပြီး အိမ်မှာ နေပေးကြပါ။ အကူညီလိုရင်လည်း တောင်းပါ။ လုပ်ပေးပါမယ်”လို့ အောင်သော်က ပြောပါတယ်။
ဒါ့အပြင် ပြည်ပက ပြန်လာကြသူတွေကိုလည်း ၁၄ ရက် စောင့်ကြည့်ကာလမှာ စည်းကမ်းအတိုင်း နေကြဖို့ အောင်သော်က အခုလိုပဲ ဆိုပါတယ်။
“ဒီရောဂါက မြန်မာနိုင်ငံက စတဲ့ ရောဂါတော့ မဟုတ်ဘူးပေါ့။ ပြည်ပကနေ ပြန်လာတဲ့သူတွေကြောင့် ဖြစ်တာပေါ့။ ပြန်လာတဲ့သူတွေကလည်း ကျနော်တို့ နိုင်ငံသားပါပဲ။ ကျနော်တို့ဆီ ပြန်လာတာလည်း ကျနော်တို့ လက်ခံရမှာပဲ။ အဲ့လိုပဲ သူတို့ကလည်း နိုင်ငံတော်က ချမှတ်ထားတဲ့ စည်းကမ်းကို လိုက်နာရမယ်။ ၁၄ ရက် စောင့်ကြည့်တွေမှာတောင် ထွက်ပြေးတာတွေ ရှိတယ်။ ကျနော်တို့ လိုက်ဖမ်းရတယ်”
“စည်းကမ်းလေးတိုင်းနေသွားရင် ကျနော်တို့ ထိန်းချုပ်လို့ရမှာပါ။ သူတို့ကို ထားတဲ့နေရာတွေလည်း ဆေးဖျန်းပြီး သန့်သန့်ရှင်းရှင်း ထားတာပါ။ ပြည်သူတွေလည်း မကြောက်ကြပါနဲ့”လို့ အောင်သော်က ဆိုပါတယ်။
“သူတို့ကိုမကြောက်ပါနဲ့ ပြောတယ်။ ကျနော်ရော မကြောက်ဘူးလားဆို ကြောက်လည်း ကြောက်ပါတယ်။ မကြောက်လည်း မကြောက်ပါဘူး။ မမြင်ရတဲ့ ရောဂါဆိုးကြီးတို့ ကျနော်တို့ ကြောက်ပါတယ်”
“သို့ပေမယ့်လည်း ကြောက်ကြောက်နဲ့ အသက်ကိုပေးဆပ်ပြီးလုပ်တာပါ။ ကျနော်က လူနာတင်ယာဉ် လုပ်တဲ့သူမို့လို့ ကျနော်နဲ့ဆိုင်တယ် ထင်တယ်။ အုပ်တချပ် သဲတပွင့်ဖြစ်ချင်လို့ ကူညီတာပါ။ သတင်းအမှားတွေလည်း မယုံကြပါနဲ့။ သတင်းအမှားတွေကြောင့်လည်း မကြောက်ပါနဲ့” လို့ အောင်သော်ကပြောပါတယ်။
လူရွှင်တော် အောင်သော်ကတော့ သက်ကြီး သဘင်ပညာရှင်များကိုလည်း တတ်နိုင်သလောက် ကူညီပေးနေပြီး ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ဘက်မှာလည်း လူနာတင်ယာဉ် မတည်ကာ အခမဲ့ ကူညီမှုများ ပြုလုပ်ပေးလျက် ရှိပါတယ်။
You may also like these stories:
နေမကောင်းဖြစ်ပါက အမှန်တိုင်းပြောဖို့ ကျော်သူ တိုက်တွန်း
COVID-19 နဲ့ ပတ်သက်ပြီး သတင်းအမှားတွေ မဖြန့်ဝေကြဖို့ အဆိုတော် ပိုပို ပြော