တကမ္ဘာလုံးကို ကူးစက်ပြန့်ပွားနေတဲ့ COVID – 19 ရောဂါနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အစိုးရနဲ့ ပြည်သူ ပူးပေါင်းဆောင်ရွက်မှုတွေ များစွာ ပြုလုပ်နေတာ တွေ့ရတဲ့အတွက် အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အားရတယ်လို့ ဇဏ်ခီက ပြောပါတယ်။
“အစိုးရ လုပ်ဆောင်ချက်တွေ အရမ်းကိုအားရတယ်။ တခါမှ မမြင်ဖူးတဲ့ ကျနော်တို့နိုင်ငံမှာ စနစ်တကျ လုပ်ဆောင်မှုတွေ လုပ်ပြလာတယ်။ ဘာမှလည်း ဘတ်ဂျက်ရှိတဲ့ အစိုးရ မဟုတ်ဘူး။ ဒါပေမဲ့ စနစ်တကျ လုပ်တဲ့အတွက် ထိထိရောက်ရောက် ရှိနေတယ်။ ကျနော်တို့နိုင်ငံက တောက်လျှောက်အစိုးရကို အယုံအကြည် မရှိတဲ့ နိုင်ငံ၊ အားလုံးလည်းသိတဲ့ အတိုင်းပဲ။ ဒါပေမဲ့ အခုအချိန်မှာ အစိုးရဟာ ကျနော်တို့ သက်တမ်းတလျှောက်မှာ အယုံကြည်ရဆုံးအစိုးရလို့ သတ်မှတ်တယ်။ မျက်ဝါးထင်ထင် တွေ့နေရတယ်” လို့ ဇဏ်ခီက ပြောပါတယ်။
အခုလိုဖြစ်နေတာတွေကို ကြောက်စရာဆိုတာထက် အခွင့်အရေးတခုလို့ မြင်စေချင်ပြီး လုံလုံခြုံခြုံနဲ့ နေနိုင်အောင် လုပ်ပေးတဲ့ ကျန်းမာရေးဝန်ထမ်းများကိုလည်း ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။
“ကျနော်တို့က ဒါကို အခွင့်အရေးတခုလို့ မြင်စေချင်တယ်။ ကြောက်စရာတခုထက် အခွင့်အရေးတခုလို့ မြင်စေချင်တယ်။ ပြီးတော့ အခုကျနော်တို့ တွေ့နေရတဲ့ စေတနာ့ ဝန်ထမ်းတွေ ရှေ့တန်းတွေ ထွက်ပြီး အလုပ်လုပ်ပေးနေတဲ့ ဆေးဝန်ထမ်းတွေ၊ ဒေါက်တာတွေကိုလည်း ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ ကျနော်တို့ မိသားစုတွေ လုံလုံခြုံခြုံနဲ့ နေနိုင်အောင် လုပ်ပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်”
“ဒီအချိန်မှာ သူတို့ မလုပ်ပေးရင် ဒီယန္တရားကြီးက ရပ်သွားရင် ဘာမှ ဆက်လုပ်လို့ရမှာ မဟုတ်ဘူးပေါ့။ အဲ့တော့ ကျေးဇူးတင်ထိုက်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်” လို့ ဇဏ်ခီက ပြောပါတယ်။
အခုလို COVID – 19 ကိစ္စဟာဆိုရင် ပထမဆုံးကိစ္စ မဟုတ်သလို နောက်ဆုံးလည်း ဖြစ်သွားမှာ မဟုတ်တဲ့အတွက် လူမျိုးစုတစုအနေနဲ့ ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာက အရေးကြီးတယ်လို့ မြင်မိတယ်ကြောင်း ဇဏ်ခီက ဆိုပါတယ်။
“ဒီ ကိုဗစ်လို ကိစ္စတွေက ကျနော်တို့ဆီမှာ ပထမဆုံး မဟုတ်သလို နောက်ဆုံးလည်း ဖြစ်သွားမှာ မဟုတ်ဘူး။ ဒီထက်ဆိုးတဲ့ ရောဂါပိုးတွေလည်း ဖြစ်လာနိုင်တယ်။ ပြီးတော့ နောက်အနာဂတ်မှာဆိုရင် လူလုပ်တဲ့ ရောဂါပိုးတွေနဲ့ စစ်ဖြစ်တဲ့ သဘောလည်း ရှိလာနိုင်တယ်။ ရန်သူမျိုး ၅ပါး ဆိုတာလည်း ရှိတယ်။ ဘေးဒုက္ခ အန္တရာယ်တွေဆိုတာ အမြဲရှိနေမှာပဲ။ အဲဒါကို အရေးကြီးတယ်လို့ မထင်ဘူး။ ဘာက ပိုပြီးအရေးကြီးလဲဆိုရင် ကျနော်တို့ဟာ လူမျိုးစုတစု အနေနဲ့ ဘယ်လို ကျော်ဖြတ်ကြမလဲဆိုတာ အရေးကြီးတယ်လို့ မြင်ပါတယ်” လို့ ဇဏ်ခီက ဆိုပါတယ်။
ဆက်လက်ပြီး “ကျနော်တို့ဟာ စည်းစည်းလုံးလုံး တည်တည်ငြိမ်ငြိမ်နဲ့ ကျော်ဖြတ်ကြမလား၊ ဂုဏ်သိက္ခာရှိရှိနဲ့ ကျော်ဖြတ်ကြမလား၊ ဒါမှမဟုတ် အကွဲကွဲအပြဲပြဲနဲ့ အိုးနင်းခွက်နင်း ကျော်ဖြတ်ကြမလား၊ အဲဒါက ကျနော်တို့ ရွေးချယ်မှုပေါ့။ အဲဒီရွေးချယ်မှုပေါ် မူတည်ပြီး ကျနော်တို့လူမျိုးဟာ ဘယ်လိုလူမျိုးလဲဆိုတာ ဆောက်တည်လို့ ရတယ်” လို့ ဇဏ်ခီက ပြောပါတယ်။
စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုပါက ဒီကပ်ဘေးက မကြာခင်မှာ လွတ်မြောက်မှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ကျနော်တို့ဟာ သူတို့နဲ့ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းမယ်ဆိုရင် ဒီကပ်ဘေးက မကြာခင် လွတ်သွားမှာပါ။ ပထမလပိုင်းတွေကတော့ ပေးဆပ်ရမှာပဲ။ ဒီလိုမှ မလုပ်ရင် တခြားနိုင်ငံတွေကို ကြည့်ပြီး သင်ခန်းစာယူလို့ ရတယ်။ အခုဆိုရင် New York လိုမျိုးပေါ့”လို့ ဇဏ်ခီက ပြောပါတယ်။
ပရိသတ်များကိုလည်း အခုလို အိမ်ထဲမှာ ရက်ရှည်နေရတာကို ရိပ်သာဝင်သလို သဘောထားပြီး နေကြရန်နဲ့ ကျန်းမာကြစေဖို့လည်း မေတ္တာပို့ ဆုတောင်းပေးခဲ့ပါတယ်။
“ဖြစ်နိုင်ရင် အပြင်မထွက်ပါနဲ့။ ရက်ရှည် ရိပ်သာဝင်သလို သဘောထားပြီးတော့ နေပေးကြပါလို့ တိုက်တွန်းပါတယ်။ အားလုံးကိုလည်း မေတ္တာပို့ပါတယ်။ ကျန်းမာ ချမ်းသာကြပါစေ။ ဘေးဒုက္ခကို အခွင့်အရေးတခု အနေနဲ့ အသုံးချပြီးတော့ ကျော်လွှားမယ်ဆိုရင် ကပ်ကလည်း လွတ်မယ်။ လူမျိုးစုတစုအနေနဲ့ Role တခု ရမယ်။ ကျော်လွှားကြရအောင်” လို့ ဇဏ်ခီက ပြောပါတယ်။
သရုပ်ဆောင် ဇဏ်ခီကတော့ ဒီအကြောင်းအရာကို သူ့ရဲ့ Facebook လူမှုကွန်ရက် စာမျက်နှာကနေ ပရိသတ်တွေကို ဧပြီလ ၇ ရက်နေ့က Live လွှင့်ပြီး ပြောခဲ့တာ ဖြစ်ပါတယ်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီးတဲ့နောက် ဒေါ်လာ ၁ သန်း လှူဒါန်းလိုက်တဲ့ အဆိုတော် Pink