ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဟာ လနဲ့ချီပြီး ဖြစ်ပွားနေတာကြောင့် တောင်ကိုရီးယား ရုပ်ရှင်လုပ်ငန်း အထိနာနေရပြီး ထိပ်တန်းသရုပ်ဆောင်တွေရဲ့ ရုပ်ရှင်ရိုက်ကူးရေးတွေလည်း ရပ်နားထားရကာ သူတို့ ပါဝင်ထားတဲ့ ရုပ်ရှင်ပြသရက်တွေကို ရွှေ့ဆိုင်းထားရတာတွေ ဖြစ်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလယ်တုန်းက တောင်ကိုရီးယားနိုင်ငံမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်က စလို့ အခုနှစ်ရဲ့ ပထမနှစ်ဝက် ကာလအတွင်းမှာ ပြသဖို့ ရွှေ့ဆိုင်း၊ ဖျက်သိမ်းခံခဲ့ရတဲ့ ပြည်တွင်း၊ ပြည်ပရုပ်ရှင်တွေဟာ ၅၀ ကား ကျော်ရှိခဲ့ပြီလို့ သိရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းအတွင်း နေ့စဉ် ရုပ်ရှင်ကြည့်ရှုကြတဲ့သူအရေအတွက်ဟာ ၁၅,၀၀၀ အထိ စံချိန်တင်အောင် ကျသွားခဲ့တာကိုလည်းတွေ့ရပါတယ်။ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်သူတွေနဲ့ စတူဒီယိုတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ရော၊ ကမ္ဘာတဝန်း ခရီးသွားလာမှု ပိတ်ပင် ကန့်သတ်ချက်ကြောင့်ရော ရိုက်ကူးရေးအစီအစဉ်တွေကို ရွှေ့ဆိုင်းထားရပါတယ်။
အဲ့ဒီ အကျိုးရလဒ်ကြောင့် သရုပ်ဆောင်တွေဟာ သူတို့ရဲ့ ရုပ်ရှင်တွေနဲ့ ဒရာမာတွေအတွက် အချိန်ဇယားတွေကို ပြန်လည် စီစဉ်ခဲ့ရပြီးလည်း ဖြစ်ပါတယ်။
တောင်ကိုရီးယား ဖျော်ဖြေရေးလောကမှာ နာမည်အရှိဆုံး မင်းသားတယောက်ဖြစ်တဲ့ လီဗြောင်ဟွန်းကတော့ ရုပ်ရှင်တကား နဲ့ ရုပ်သံဒရာမာတခုမှာ ပါဝင်ဖို့ စီစဉ်ထားလို့ သူ့အတွက်တော့ အချိန်ဇယား ကျပ်တည်းတဲ့ နှစ်တနှစ် ဖြစ်ပါတယ်။ သူဟာ “Emergency Declaration” ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်ဖို့ ရှိပါတယ်။
ဒါရိုက်တာ Han Jae-rim ရိုက်ကူးမယ့် အဲ့ဒီရုပ်ရှင်ဟာ Pre-production အဆင့်ကို ရောက်နေပြီ ဖြစ်ပေမယ့် တလလောက် ရိုက်ကူးရေးကို အချိန် ရွှေ့ဆိုင်းထားရပါတယ်။ သူပါဝင်မယ့် “Here” ဆိုတဲ့ ရုပ်သံဒရာမာလည်း အခုနှစ်ကုန်ပိုင်းမှ JTBC ရုပ်သံလိုင်းကနေ ပြသဖို့ရှိပေမယ့် အခုလို အခြေအနေနဲ့ဆိုရင် နှောင့်နှေးသွားမယ့် သဘောမှာ ရှိပါတယ်။
တောင်ကိုရီးယားမှာ သူပါဝင်လိုက်တဲ့ ရုပ်ရှင်တိုင်း ဝင်ငွေကောင်းတယ်လို့ ဆိုကြတဲ့ မင်းသား Hwang Jung-min ကတော့ အခုနှစ်နှောင်းပိုင်းမှာ “Suriname” နဲ့ “Hush” စတဲ့ဒရာမာတွေမှာ ပါဝင်ဖို့ရှိနေပါတယ်။ မင်းသား Hyun Bin နဲ့အတူ ရိုက်ကူးနေတဲ့ “Negotiations” ရုပ်ရှင်ရိုက်ကူးရေးဟာ ဂျော်ဒန်နိုင်ငံမှာ လုပ်မယ့် ရိုက်ကွင်းကို ဖျက်သိမ်း လိုက်ပြီး တောင်ကိုရီးယားမှာ ဆက်လုပ်ရိုက်ကူးနေပါတယ်။ ဒါပေမဲ့ အဲ့ဒီရုပ်ရှင်ကို ဆက်ရိုက်ဦးမှာလားဆိုတာ မရေမရာ ဖြစ်နေတဲ့ အနေအထားမှာ ရှိနေပါတယ်။
တကယ်လို့သာ အခုနှစ် ပထမနှစ်ဝက် ကာလအတွင်း အဲ့ဒီရုပ်ရှင်ရိုက်ကူးရေး မပြီးပြတ်ဘူးဆိုရင်တော့ နောက်ထပ် ရိုက်မယ့် ဒရာမာတွေအပေါ် ရိုက်ခတ်မှု ရှိလာမှာ ဖြစ်ပါတယ်။ မင်းသား ဆောင်းဂျွန်ကီဟာလည်း နောက်ထပ်ရိုက်မယ့် ရုပ်ရှင်အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်ပေါ်နေပါတယ်။
မင်းသားဟာ တောင်အမေရိက ဒေသတဝိုက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် စီစဉ်ထားတာထက်စောပြီး “Bogota” ရုပ်ရှင်ရိုက်ကူးရေးကို ပြီးခဲ့တဲ့ မတ်လနှောင်းပိုင်းမှာ လက်စသတ်ခဲ့ပါတယ်။ အဲ့ဒီနောက် တောင်ကိုရီးယားကို ပြန်လာခဲ့ပြီး သီးခြားစောင့်ကြည့်ခံမှုကို ဆောင်ရွက်ခဲ့ပါတယ်။
“Bogota” ရုပ်ရှင်ကို ရွှေ့ဆိုင်းလိုက်ရလို့ နောက်ထပ်ရိုက်မယ့် “The Season of Us” ရုပ်ရှင်မှာ ပါဝင်ဖြစ်မှာလားဆိုတာ မသေချာသေးတဲ့ အနေအထားမှာ ရှိနေပါတယ်။
Ref: Yonhap
You may also like these stories:
ကိုဗစ် ပျောက်အောင် Dettol သောက်ပြီး လူသေဆုံးတဲ့ သတင်းက သတင်းတုဟု ဆို
တရုတ်နိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံး ဖြစ်လာတဲ့ နိုင်ငံ ၅ နိုင်ငံ
COVID-19 ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့ ဂျပန်မှာ အရေးပေါ်အခြေအနေ ကြေညာမည်