ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကမ္ဘာ့ဖျော်ဖြေရေးလုပ်ငန်းကို ထိခိုက်မှုတွေ ဖြစ်ပေါ်စေခဲ့ပြီး ဂီတပညာရှင်တွေ အနေနဲ့ ဖျော်ဖြေပွဲတွေကို ရွှေ့ဆိုင်း ဖျက်သိမ်းရတာ၊ ဆုပေးပွဲတွေ၊ ရုပ်ရှင်ရိုက်ကူးရေး၊ အစီအစဉ်ထုတ်လွှင့်မှုတွေကိုလည်း ရပ်ဆိုင်းရတာတွေ အထိ ဖြစ်လာစေခဲ့ပါတယ်။
အခုလို မရေရာ မသေချာမှုတွေ ဖြစ်ပေါ်ခဲ့ပေမယ့် ကမ္ဘာတဝန်းလုံးမှာရှိတဲ့ နာမည်ကျော်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်ခဲ့ရသူတွေအတွက် ကူညီမှုတွေကို လုပ်ဆောင်နေကြပါတယ်။
အမေရိကန်နိုင်ငံမှာ ကျောင်းတွေပိတ်ထားလိုက်ရတာကြောင့် ဝင်ငွေနည်းပါးတဲ့ မိသားစုဝင်တွေထဲက ကျောင်းသားတွေကတော့ အခုသီတင်းပတ်အတွင်းမှာ အစားအစာ မစားရဘဲ ဖြစ်ခဲ့ရပါတယ်။ အဲ့ဒါကြောင့် မင်းသမီး Angelina Jolie က နိုင်ငံအတွင်းမှာ ကလေးသူငယ် ဆာလောင်မွတ်သိပ်မှု အဆုံးသတ်စေရေးအဖွဲ့ဖြစ်တဲ့ “No Kid Hungry” ထံကို ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပါတယ်။
Korea Times မီဒီယာရဲ့အဆိုအရ “Parasite” ရုပ်ရှင်ရဲ့ ဒါရိုက်တာ အော်စကာဆုရှင် Bong Joon-ho က Hope Bridge Korea Disaster Relief Association ထံကို ဝမ် သန်း ၁၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ နာမည်ကျော် ဟောလိဝုဒ်မင်းသား ဂျော့ချ်ကလူးနေတို့ စုံတွဲကလည်း COVID-19 ရန်ပုံငွေအဖြစ် ဒေါ်လာ ၁ သန်းကို နိုင်ငံတကာအဖွဲ့ ၆ ဖွဲ့ထံ လှူဒါန်းလိုက်ပါတယ်။
ဘီလီယံနာ Kylie Jenner ကတော့ လောစ်အင်ဂျလိစ်မှာရှိတဲ့ Cedars Sinai Medical Centre ကို ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပါတယ်။ ပေါ့ပ်အဆိုတော် လေဒီဂါဂါကတော့ လာမယ့် ဧပြီလ ၁၈ ရက်နေ့မှာ နာမည်ကျော် အနုပညာရှင်တွေ ပါဝင်မယ့် COVID-19 ရန်ပုံငွေ ဖျော်ဖြေပွဲတခုကို ပြုလုပ်ဖို့ ရှိပါတယ်။ အဲ့ဒီကနေ ရရှိလာတဲ့ ငွေတွေကိုတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးထံ လှူဒါန်းမှာလည်း ဖြစ်ပါတယ်။
Steve Jobs ရဲ့ဇနီး Laurene Powell Jobs နဲ့ ပူးပေါင်းပြီး အမေရိကန်အစားအစာ ရန်ပုံငွေ ထူထောင်လိုက်သူက မင်းသား လီယိုနာဒို ဒီကာပရီယို ဖြစ်ပါတယ်။ သူ့ရဲ့ ပရဟိတအဖွဲ့ကနေ ကျောင်းတွင်းအစားအစာတွေကိုသာ မှီခိုနေရတဲ့ ကလေးတွေနဲ့ အလုပ်လက်မဲ့တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ဝင်ငွေနည်းပါးတဲ့ မိသားစုတွေကို ကူညီဖို့ လုပ်ဆောင်မှာလည်း ဖြစ်ပါတယ်။
အစီအစဉ် တင်ဆက်သူ Oprah Winfrey ကတော့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၁၀ သန်း လှူဒါန်းလိုက်တယ်လို့ ကြေညာခဲ့ပါတယ်။ အဲ့ဒီအထဲက ဒေါ်လာ ၁ သန်းကတော့ မင်းသား လီယိုနာဒိုရဲ့ အမေရိကန် အစားအစာ ရန်ပုံငွေထဲကို ရောက်ရှိမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ငွေတွေကိုတော့ ကပ်ရောဂါ ကာလအတွင်းမှာ အမေရိကန်တွေကို ကူညီနေတဲ့ တခြားအဖွဲ့တွေထံ လှူဒါန်းမှာဖြစ်ပါတယ်။
အဆိုတော် Rihanna ရဲ့ Clara Lionel ဖောင်ဒေးရှင်းကတော့ အမေရိကန်နဲ့ ကမ္ဘာတလွှားမှာ COVID-19 ကို လျင်မြန်စွာ တုံ့ပြန်ရေးအတွက် ဒေါ်လာ ၅ သန်းကို လှူဒါန်းလိုက်ကြောင်း ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့မှာပဲ ကြေညာခဲ့ပါတယ်။
မင်းသား Ryan Reynolds နဲ့ ဇနီး မင်းသမီး Blake Lively တို့ဟာလည်း အခု လတ်တလော တောင်းဆိုမှုတွေ အရမ်းများနေတဲ့ ကနေဒါနဲ့ အမေရိကန်နိုင်ငံက အစားအစာ မျှဝေရာ နေရာတွေအတွက် ဒေါ်လာ ၁ သန်း လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။
Ref: CNA lifestyle
You may also like these stories:
ဘောလိဝုဒ် နေ့စားလုပ်သားတွေကို ရန်ပုံငွေ လှူဒါန်းခဲ့တဲ့ မင်းသား Salman Khan
ကိုရိုနာဗိုင်းရပ်စ် ပရဟိတ အစီအစဉ်ကို ထုတ်လွှင့်မယ်လို့ လေဒီဂါဂါ ကြေညာ
“Black Widow” ရုပ်ရှင် ရုံတင်ရက်အသစ် Marvel ကြေညာ