သရုပ်ဆောင် ခိုင်နှင်းဝေဟာ မကြာသေးခင်က နွမ်းပါးတဲ့ အနုပညာသမားများအတွက် စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းခဲ့ပြီး ဒီလို လှူဒါန်းခဲ့တဲ့အကြောင်း အခုလိုပဲ ပြောပါတယ်။
“အနုပညာသမားတွေထဲက လိုအပ်တဲ့ အနုပညာသမားတွေကို နည်းနည်းစီ လှူတာပါ။ ဇာတ်ပို့သရုပ်ဆောင် နွယ်နီ၊ ကိုမွန်ကြီး၊ သက်ကြီး လူရွှင်တော်တွေဖြစ်တဲ့ ဦးဧရာ၊ ဦးတိမ်ညွှန့် ၊ ဦးမောင်မျိုးသန့်တို့ကို လှူပေးတာပါ။ ဦးတိမ်ညွှန့် ၊ ဦးမောင်မျိုးသန့် ဖုန်းတွေသိတော့ ဦးခင်လှိုင်ကို ဖုန်းဆက်မေးလိုက်တယ်”
“ဦးခင်လှိုင်ကလည်း ကျမတို့နဲ့ အတူ ဆန် ၅ ပြည် ထည့်လှူပါတယ်။ ကျမတို့ သွားမယ်ဆိုတော့ ဦးခင်လှိုင်က မလိုက်နိုင်တာနဲ့ ကျမတို့နဲ့ ထည့်လှူပေးလိုက်တဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။
ဆက်လက်ပြီး ခိုင်နှင်းဝေက အခုလို လှူဒါန်းရတဲ့အတွက်လည်း ဝမ်းသာမိပြီး သရုပ်ဆောင်တွေ၊ သက်ကြီး လူရွှင်တော်တွေကို တတ်နိုင်သလောက် လှူချင်တာကြောင့် ဂါရဝပြုဖြစ်တာလို့ ဆိုပါတယ်။
“အခုလို မရှိတဲ့ သူတွေ လှူရတော့ ဝမ်းသာတာပေါ့။ အခုချိန်မှာ ရောဂါကပ်ဆိုးကြောင့် ရုပ်ရှင်တွေ ရပ်လိုက်ရတော့ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြတဲ့အတွက် နိုင်သလောက်လေး လှူချင်တာနဲ့ ကျမက ဂါရဝ လာပြုတာပါ။ ကျမက အပြင်မှာ လှူနေတော့ ကိုယ့် အနုပညာသမားတွေကိုလည်း သတိရတယ်။ အနုပညာသမားတွေကိုလည်း နိုင်သလောက် လှူချင်တယ်”
“ဇာတ်ပို့ သရုပ်ဆောင်တွေ၊ သက်ကြီး လူရွှင်တော်ကြီးတွေအတွက် တဦးကို ဆန် ၁ အိတ်၊ ဆီ ၂ ပိဿာ၊ ငွေကျပ် ၁ သိန်းနဲ့ ပရိတ်ကြီး ၁၁ သုတ် တရားစာအုပ်တွေ လှူဒါန်းခဲ့တယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။
ကိုယ်တိုင် အိမ်ထဲမှာနေပေမယ့် စားဝတ်နေရေး အခက်အခဲဖြစ်သူတွေကို ကြည့်လိုက်ရင် မနေနိုင်တာကြောင့် ထွက်လှူဖြစ်နေတဲ့ ခိုင်နှင်းဝေက ကိုယ်တိုင်လည်း ကျန်းမာအောင် နေနေတယ်လို့ ဆိုပါတယ်။
“လူဆိုတာကတော့ တနေ့ သေကြမှာပဲလေ။ သေရမှာလည်း ကြောက်ကြသူတွေချည်းပါပဲ။ ဒါပေမဲ့ တကယ့်တကယ် အိမ်ထဲမှာ နေပေမယ့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့သူတွေကို ကြည့်လိုက်ရင် မနေနိုင်ဘူး။ ဒါကြောင့် အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့အတိုင်း ကျန်းမာရေး ကောင်းအောင် နေတယ်။ လက်ကို အမြဲ သန့်စင်တယ်။ ထွက်မလှူရဘဲ မနေနိုင်ဘူး”
“ကျမရဲ့ ခိုင်ရင်သွေး ဂေဟာမှာလည်း ကလေးအယောက် ၃၀ ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ကလည်း မနေတတ်ဘူးလေ။ ဒါကြောင့် လိုက်လှူဖြစ်တာပါ။ အနုပညာရှင်တွေရာ၊ ပရဟိတအဖွဲ့တွေရော အကုန်လုံးထွက်လှူနေကြတာ တွေ့ရလို့လည်း သူတို့ကို အရမ်းလေးစားပါတယ်။ အရေးအကြောင်း ကြုံလာရင် မြန်မာတွေက သွေးနီးကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာတွေက အရေးကြုံလာရင် လှူကြတန်းကြတယ်”လို့ ခိုင်နှင်းဝေက ပြောပါတယ်။
ခိုင်နှင်းဝေဟာ လက်ရှိမှာတော့ စွန့်ပစ်ခံ မိဘမဲ့ ကလေးအယောက် ၃၀ ကို မွေးစားထားပါတယ်။ ခိုင်နှင်းဝေကတော့ ပရဟိတအလုပ်တွေ၊ ကုသိုလ်ရေးတွေမှာ လက်မနှေးတဲ့ သရုပ်ဆောင်တဦး ဖြစ်သလို အခြေခံ လူတန်းစားတွေကိုလည်း တဖက်တလမ်းကနေ ကူညီပေးနေသူတဦး ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ်ကာလမှာ ပရိသတ်တွေရဲ့ ခံစားချက်ကို နားထောင်ပေးမယ့် ကျော်ကျော်ဗို
“ပရဟိတ အလုပ်တွေ လုပ်လို့ အနုပညာမှာ မထိခိုက်ဘူး”လို့ ခိုင်နှင်းဝေ ပြော