ကျန်းမာရေးကြောင့် အနုပညာတွေ သိပ်မလုပ်တော့နိုင်တဲ့ ဇာတ်ပို့ သရုပ်ဆောင် နွယ်နီက လတ်တလောမှာ COVID-19 ကြောင့် ဖွင့်ထားတဲ့ ဈေးဆိုင် ဈေးရောင်းမကောင်းတဲ့အတွက် အဆင်မပြေဘူးလို့ ပြောပါတယ်။
“ဆိုင်က အခု သိပ်ရောင်းမကောင်းဘူး။ အခုလို ရောဂါတွေ ဖြစ်နေတော့ အဆင်မပြေဘူး။ ဒါပေမဲ့ မိတ်ပျက်မှာစိုးလို့ ဖွင့်ထားရတာပေါ့။ အခု ဓာတ်ကင်ဖို့ကတော့လည်း ရှိနေတော့ ဘာတွေ လုပ်ရမှန်း မသိသေးပါဘူး။ ဓာတ်ကင်ဖို့က ၄ လပိုင်း၊ ၂၀ ရက်၊ ၅ ရက်တကြိမ် ၃ ရက် ကင်ရမှာ။ အခုက ကိုရိုနာတွေကလည်း ဖြစ်နေတော့ ဘာတွေ ဖြစ်လာမလဲတော့ မသိသေးဘူး”လို့ သရုပ်ဆောင် နွယ်နီက ပြောပါတယ်။
ဆက်လက်ပြီး နွယ်နီက အခုလို ခက်ခဲနေချိန်မှာ သူ့ကို သရုပ်ဆောင် ခိုင်နှင်းဝေက ဆန်၊ ဆီ နဲ့ ငွေသား လှူဒါန်းအတွက်လည်း ကျေးဇူးတင်စကား ဆိုပါတယ်။
“ဒီကာလမှာ အခက်ခဲဆုံးအကြိမ်လို့ ပြောရမယ်။ ညီမလေး ခိုင်နှင်းဝေက ကျမကို ဆန် ၁ အိတ်၊ ဆီ ၂ ပိဿာ၊ ငွေကျပ် ၁ သိန်းနဲ့ ပရိတ်ကြီး ၁၁ သုတ် တရားစာအုပ်တွေ လှူပေးလို့ ကျေးဇူးတင်ပါတယ်။ အစည်းအရုံးက မရခဲ့တာကလည်း သူတို့က လူဦးရေ ကန့်သတ်ထားတယ်။ လူဦးရေ ၃၀၀ ပဲပေးမှာပါဆိုတော့ ကျမလည်း မပြောတတ်ဘူး”
“အရင်နှစ်တွေကလည်း နှစ်တိုင်းပေးနေကျပေါ့။ အလွှာတိုင်းကိုပေးနေတော့ ကိုယ်တိုင်လည်း အရမ်းမျှော်လင့်တာပေါ့။ လူ ၃၀၀ ပဲပေးတာ ကျမသွားတော့ မရတော့ဘူး။ စိတ်မကောင်းတော့ ဖြစ်တာပေါ့” လို့ နွယ်နီက ပြောပါတယ်။
သရုပ်ဆောင် နွယ်နီကတော့ သူ့ရဲ့အင်တာဗျူးတွေ အောက်မှာ ဆဲဆိုနေတဲ့ Comment တွေကြောင့် စိတ်မကောင်းဘူးလို့ဆိုပြီး ပရိသတ်တွေကို မဆဲကြဖို့ကိုလည်း အခုလိုပဲ တောင်းဆိုလိုက်ပါတယ်။
“ကျမ အင်တာဗျူးတွေတောင် မဖြေချင်တော့ဘူး။ ကျမ အင်တာဗျူးတွေ တက်ရင် ကျမလည်း ကြည့်မိတာပေါ့။ ကျမကို မုန်းလို့ပဲဖြစ်ဖြစ်၊ ချစ်လို့ပဲဖြစ်ဖြစ် ပြောဆိုကြတယ်။ ကျမကို ဆဲဆိုနေကြတာတွေ တွေ့ရပါတယ်။ အဲ့အင်တာဗျူးတွေက Comment လေးတွေက ကျမကို အားဖြစ်စေတာလေးတွေ ဖတ်ရတဲ့အတွက် ကျမဖတ်ပြီး ဝမ်းသာရတယ်၊ ပျော်ရွှင်ရတယ်”
“အချို့ Comment တွေက အရမ်းဆဲဆိုပြောဆိုကြတော့ စိတ်လည်း မကောင်းဘူး။ အနူးအညွှတ် တောင်းပန်ပါတယ်။ ဒီမိန်းမ အင်တာဗျူးကြည့်တိုင်း ပါးကွက်နဲ့ သနပ်ခါး မပျက်ဘူးပေါ့။ ကျမတို့ကမြန်မာ မိန်းကလေးပါ။ ကျမတို့ အမေက မနက် မိုးလင်းတာနဲ့ သနပ်ခါးနဲ့ နေကြရတာ။ ကျမရောဂါဖြစ်ပြီဆိုပြီး ဆံပင်စုတ်ဖွား၊ မျက်နှာပြောင်နဲ့ မနေတတ်ဘူး။ အဲ့အတွက် အရမ်းလည်း တောင်းပန်ပါတယ်။ အခုတော့ ကျမကို ဆုတောင်းပေးနေတဲ့ ပရိသတ်အားနဲ့ပဲ ရပ်တည်နေပါတယ်”လို့ နွယ်နီက ပြောပါတယ်။
ဇာတ်ပို့ သရုပ်ဆောင် နွယ်နီဟာ ကင်ဆာရောဂါ အဆင့် ၃ ကို ခံစားနေရပြီး လက်ရှိမှာ သရုပ်ဆောင် ခိုင်နှင်းဝေ ပံ့ပိုးကူညီပေးထားတဲ့ အအေးဆိုင်လေး ဖွင့်ကာ ဘဝကို ရပ်တည်နေသူ ဖြစ်ပါတယ်။
You may also like these stories:
“သိန်း ၁၀၀ ငွေညှစ်တဲ့ကိစ္စက မင်းရာဇာရဲ့ အမျိုးသမီးဖုန်းနဲ့ စပြောတာ”
ကပ်ရောဂါ ဖြစ်နေချိန်မှာ နွမ်းပါးတဲ့ အနုပညာသမားတွေကို လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ
COVID-19 နဲ့ ပတ်သက်ပြီး အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို အားရတယ်လို့ ဇဏ်ခီ ပြော