လက်ရှိ COVID – 19 ရောဂါကြောင့် စားဝတ်နေရေး ခက်ခဲမှုရှိတဲ့ မိသားစုများအား အနုပညာရှင်များက လှူဒါန်းမှုများ ပြုလုပ်နေကြတဲ့ထဲမှာ သရုပ်ဆောင် နေဒွေးကလည်း ဧပြီလ ၇ ရက်နေ့က စည်ပင်ဝန်ထမ်းများကို သွားရောက် လှူဒါန်းခဲ့ပြီး ဝန်ထမ်းမိသားစုကို Surprise လုပ်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ အလှူအမှား ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်လို့ Live လွှင့်ပြီး ပြောခဲ့ပါတယ်။
“ကျနော်က အဓိကက တယောက်တည်း လှူနေတာ ကြာပြီ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တယောက်တည်း လှူနေတာ မနိုင်ဘူး။ အိမ်ထောင်စု ၂၀ ၊ ၃၀ စာလောက်ပဲ လှူနိုင်တယ်။ ကားကလည်း ဆလွန်းကား ဖြစ်နေတော့ အဆင်သိပ်မပြေဘူး။ ကျနော် လှူရတာ အားမရဘူး။ တရက်ကျတော့ အဖွဲ့လေးတခု တွေ့တော့ ပူးပေါင်းပြီး လှူတယ်။ အဓိက လှူတာ ဆန်အိတ်ပဲ လှူလိုက်တာပေါ့။ သူတို့က လုပ်အားလေးပါ ပေးပါလားဆိုပြီးတော့ပြောတော့ ကျနော်လည်း ဒီအချိန်မှာ အားနေတော့ လုပ်အားပေးဖြစ်တယ်” လို့ နေဒွေးက ပြောပါတယ်။
အဆိုပါ Surprise ကိုတော့ နေဒွေးနဲ့အတူ ပူးပေါင်းလှူဒါန်းတဲ့ ပရဟိတအဖွဲ့က လုပ်တာဖြစ်ပြီး ကိုယ်တိုင်က Live လွှင့်ထားတာကို ပြန်ကြည့်မှ သိခဲ့ရတာလို့ ဆိုပါတယ်။
“သူတို့ Surprise ကို မသိဘူး။ ကျနော်ပါ ပါတယ်ဆိုတော့ လှူလိုက်မယ်။ သရုပ်ဆောင် တယောက်ပါ ပါတယ်ဆိုတော့ သူတို့ ဝမ်းသာသွားမယ်။ အဲ့လောက်ပဲ ထင်တာ ဒီလောက်ထိ လုပ်ထားတယ်လို့ မသိတော့ သူတို့က ကျနော့်ကို ဖုန်းဆက်တယ်။ ကိုနေဒွေး ကားပေါ်က မဆင်းပါနဲ့ဦးတဲ့။ Surprise လုပ်လိုက်ဦးမယ်တဲ့။ Surprise ဆိုတော့ ရိုးရိုး Surprise လို့ပဲ ထင်တယ်”
“နောက်ထပ် မိနစ် ၂၀လောက်ကြာတော့ တခြားနေရာကို သွားလှူတဲ့အခါ Live ကို ကြည့်မိတော့မှ ရှေ့မှာ ဒီလောက်ထိ လုပ်ထားတာ မကြိုက်ပါဘူးခင်ဗျာ။ ဒီလောက်ထိကျတော့ သူတို့အနေနဲ့ အဆင်မပြေမှု ဖြစ်မယ် ထင်တယ်” လို့ နေဒွေးက ပြောပါတယ်။
ဆက်လက်ပြီး “အဲဒါကြောင့် ကျနော် ပြောလိုက်တယ်။ ဒီလောက်အထိတော့ မလုပ်ပါနဲ့။ ဒါကြီးကျတော့ ဒီလောက် အဆင်မပြေလောက်ဘူးလို့။ သူတို့က ရှင်းပြတယ်။ ကျနော်တို့က Surprise လုပ်တယ်ဆိုပေမယ့် သူတို့က သိပြီးသားပါတဲ့။ လာလှူမယ်ဆိုရင် အဲ့နေရာက လူကြီးတွေကို ပြောထားရတယ်”
“သူတို့ကနေ အောက်က စည်ပင်ဝန်ထမ်းတွေကို ပြောထားပြီးသား။ ကျနော်တို့ လာလှူမယ်ဆိုတာကို သိထားပြီးသား။ ဒါပေမဲ့ ဘယ်လို လာလှူမလဲဆိုတာ မပြောပြထားဘူး။ အဲ့အတွက်ကြောင့် Surprise လုပ်တာ။ လာလှူမယ်ဆိုတာ သိတယ်။ သူတို့ကို လာဖမ်းတာလည်း မဟုတ်ဘူး၊ လာလုပ်တာလည်းမဟုတ်ဘူး။ ဒါပေမဲ့ လှူပုံလှူနည်း Surprise လာတဲ့ ပုံစံပဲ” လို့ ပြောပါတယ်။
ဒီလိုမျိုး Surprise လုပ်တာဟာ အဆင်မပြေတဲ့အတွက် နောက်ထပ် အိမ်များကို သွားရောက် လှူတဲ့အခါမှာတော့ Surprise မလုပ်ဘဲ ဒီအတိုင်းပဲ လှူခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော်ကလည်း အဆင်မပြေဘူး ပြောတဲ့အတွက် နောက်အိမ်တွေကို Surprise လုံးဝ မလုပ်ဘဲနဲ့ ဒီတိုင်းပဲ လှူတယ်။ ပြောချင်တာက ကျနော်တို့ လှူတဲ့ဟာလေးက ပရိသတ်တွေအနေနဲ့ အခက်အခဲလေးဖြစ်သွားမယ်။ အနှောင့်အယှက်လေး ဖြစ်သွားမယ်ဆိုရင် တောင်းပန်ပါတယ်။ ဒီအဖွဲ့အစည်းလည်း လူငယ်တွေနဲ့ ဖွဲ့စည်းထားတော့ လှူချင်ဇောများပြီး အလှူအမှားလေး ဖြစ်သွားတယ်။ ကျနော့်အနေနဲ့သင်ခန်းစာလည်း ရတယ်” လို့ နေဒွေးက ပြောပါတယ်။
ပရိသတ်တွေအနေနဲ့လည်း ဒီလိုလှူတဲ့ Live ကိုပဲ ကြည့်လိုက်ရတာကြောင့် မိုက်ရိုင်းတယ်၊ ခြိမ်းခြောက်တယ်လို့ ပြောတာဖြစ်ပြီး ကိုယ်တိုင်ဆိုရင်လည်း အဲ့လိုထင်မိမှာလို့ ပြောပါတယ်။
“ပရိသတ်တွေအနေနဲ့က Live လေးပဲ ကြည့်လိုက်ရတော့ မိုက်ရိုင်းတယ်။ ခြိမ်းခြောက်တယ်။ ကျနော်ဆိုရင်လည်း ဖြစ်မှာပဲလေ။ အမှန်တော့ Live လွှင့်တဲ့သူက ရှင်းပြရမှာ သိထားပြီးကို ကျနော်တို့က စမှာ၊ အဲ့လို ရှင်းပြမယ်ဆိုရင် ပရိသတ်က နားလည်သွားမယ်ထင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မလုပ်တာ အကောင်းဆုံးပဲ” လို့ နေဒွေးက ပြောပါတယ်။
သရုပ်ဆောင် နေဒွေးကတော့ လက်ရှိမှာ အခက်အခဲဖြစ်နေတဲ့သူများအတွက် ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာများ လှူဒါန်းပေးလျက် ရှိပါတယ်။
You may also like these stories:
အရေးကြီးတဲ့အချိန် ဖြစ်လာရင် ဆန်လှူဖို့ စီစဉ်နေတဲ့ အဆိုတော် ထူးအယ်လင်း