ဧပြီလ ၁၃ ရက်နေ့ ညပိုင်းက COVID -19 ရောဂါပိုး တွေ့ရှိသူစာရင်းမှာ အဆိုတော် မျိုးကြီးနဲ့ ဇနီး COVID-19 ရောဂါပိုး Positive ဖြစ်သွားခဲ့တာနဲ့ ပတ်သက်ပြီး ဂီတအသိုင်းအဝိုင်းမှ ဂီတမှူး နိုင်ဇော်က သူ့ရဲ့အမြင်ကို အခုလိုပဲ ပြောပြခဲ့ပါတယ်။
“အနုပညာရှင်တွေက ကိုဗစ်ကြောင့်လည်း စိတ်ပူစရာတွေ မရှိတာ အများကြီးပါ။ ပြန်ကောင်းသွားတာတွေလည်း အများကြီးပါပဲ။ နိုင်ငံခြားမှာဆိုလည်း ဒီလိုပါပဲ။ တုပ်ကွေး သဘောမျိုးပါပဲ။ အရမ်းကြီး မီဒီယာတွေက ဖြန့်လို့သာ”
“အသက်အရွယ်နဲ့လည်း ဆိုင်တယ်၊ နေထိုင်မှုနဲ့လည်း ဆိုင်တယ်။ ပြန်ကောင်းလာမှာပါ။ စိတ်ပူလောက်မယ့် အဆင့်လို့တော့ မထင်ပါဘူး။ နောက်လူတွေအတွက်တော့ ခေါင်းလောက်ထိုးပေးလိုက်တဲ့သဘောမျိုးတော့ မြင်စေချင်ပါတယ်။ ကြောက်စေချင်ပါတယ်” လို့ နိုင်ဇော်က ဧရာဝတီကို ပြောပါတယ်။
မျိုးကြီးအနေနဲ့ ဘာသာရေး အခမ်းအနားတခုကို တက်ရောက်ခဲ့တာဖြစ်ပြီး ဒီအခမ်းအနားတက်ရောက်သူများထဲမှာ COVID -19 အတည်ပြုလူနာ ပါရှိတဲ့အတွက် Quarantine ဝင်ရာမှ ပိုးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
“အခုဟာက ဘာသာရေးပွဲက ယုံကြည်လို့ လုပ်တာကို ကျနော် မပြောဘူး။ ဘာလဲဆိုတော့ အမှန်အတိုင်း ဘယ်သူ့ မျက်နှာမှ မထောက်ဘဲ ပြောရရင်တော့ Live လွှင့်တာ အဲဒါက ပြဿနာ။ ကိုယ့်ဘာသာ ယုံကြည်လို့ ဆုတောင်းတာ ကိစ္စ မရှိဘူး။ အခုအချိန်မှာ လူတွေကဖုန်းတွေပဲ သုံးနေကြတော့ ဘာသာရေးဆွယ်သလို ဖြစ်တာပေါ့။ Live လုပ်တဲ့အခါကျတော့ လူတွေရဲ့ရင်ထဲကို ပိုရောက်မယ်ဆိုပြီးတော့ ဘာသာရေး လောဘကြီးတယ်လို့ ထင်တာပဲ”လို့ နိုင်ဇော်က ပြောပါတယ်။
ဆက်လက်ပြီး နိုင်ဇော်က “ဘုရားကို ဆုတောင်းတယ်ဆိုတာ ကျနော်တို့ စကားတောင် ရှိပါတယ်။ ရင်ဘတ်ထဲမှာ ဘုရား အမြဲတမ်းရှိတယ်ဆိုတာ တယောက်တည်း ကန်တော့လည်း ဘုရားပဲ။ ၁၀ ယောက် ကန်တော့လည်း ဒီဘုရားပဲ။ လူစုတယ်ဆိုတဲ့ ပြဿနာက Live တင်တာတွေ ရှိတယ်။ အဲ့လိုဆိုတော့ လူပိုစိတ်ဝင်စားမလား၊ ပိုပြီးစုရင်းစုရင်းနဲ့ အခုပွဲကတော့ ဆိုင်ချင်မှ ဆိုင်မှာပါ”
“Live တင်တာတွေက နည်းနည်းတော့ အန္တရာယ်ရှိတယ်လို့ မြင်တယ်။ ကိုယ်တကယ် ယုံကြည်တယ်ဆိုရင် ကိုယ်က ဦးဆောင်ရမှာလေ။ လမ်းပြရမှာလေ။ ကိုယ်လုပ်သလို နောက်က လိုက်လုပ်မယ့်သူတွေကို ငါ့လိုမလုပ်နဲ့လို့ ဖြစ်ရမှာလေ” လို့ ပြောပါတယ်။
တခြားသောနိုင်ငံများမှာလည်း ဘာသာရေးပွဲများမှတဆင့် ပြန့်ပွားလာတာဖြစ်တဲ့အတွက် ဘာသာရေးခေါင်းဆောင်များ အနေနဲ့ နောက်က လိုက်မယ့်သူများကို ကာပေးပြီး ယုံကြည်မှုက တပါးသူကိုအလွဲသုံးစား မလုပ်မိရန်လိုတယ်လို့ ဆိုပါတယ်။
“ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့အကြံပေးချင်တာက သူတို့တကယ် ယုံကြည်တယ်ဆိုရင် အခုအချိန်မှာ သူတို့နောက်လိုက်မယ့်သူတွေကို ကာပေးကြပါ။ ကိုယ့်ယုံကြည်မှုက သူများကို အလွဲသုံးစားမလုပ်မိဖို့လိုတယ်။ ဒါက ဘယ်ဘာသာကိုမှ ပုတ်ခတ်တာ မဟုတ်ဘူး”
“ဘယ်ဘာသာတိုင်းမဆို ဗုဒ္ဓဘာသာဘုန်းကြီးတွေလည်း စုပြီတော့ ဘုန်းကြီးပျံပွဲ လုပ်ကြရအောင်ဆိုရင် ကန့်ကွက်တယ်။ ဗလီဆရာတွေလည်း စုပြီးဝတ်ပြုရအောင်ဆို ကန့်ကွက်တယ်။ ခရစ်ယာန်တွေဆိုရင် အိမ်ထဲမှာ စုရုံးရအောင်ဆိုရင်လည်း ကန့်ကွက်တယ်” လို့နိုင်ဇော်က ပြောပါတယ်။
သေစရာရှိ ငါတို့ပဲသေမယ်ဆိုတဲ့ခေါင်းဆောင်များ ပိုမို၍ပေါ်လာစေချင်တယ်လို့လည်း ပြောပါတယ်။
“ဘယ်သူမှ ရှိမှန်း မသိဘူးလေ။ အိမ်ပြန်သွားရင် မိသားစုတွေကို ကူးမှာဖြစ်တဲ့အတွက် ဘာသာရေးခေါင်းဆောင်တွေကိုက ခေတ်ပညာတတ်တဲ့သူတွေ ငါတို့အတွေးအခေါ် နောက်ကျတဲ့ကိစ္စက သူများတွေဆီ ရောက်မသွားစေချင်ဘူး။ သေစရာရှိ၊ ငါတို့ပဲသေမယ်ဆိုတဲ့ ခေါင်းဆောင်တွေပဲ များများပေါ်စေချင်တယ်” လို့ နိုင်ဇော်က ပြောပါတယ်။
နိုင်ဇော့်အနေနဲ့လည်း အနုပညာရှင်များ Quarantine ဝင်နေရတဲ့သူများဆီသို့ သွားရောက်ခဲ့တာနဲ့ပတ်သက်ပြီး မလုပ်ကြဖို့အတွက် သတိပေးစကားများလည်း များစွာပြောဆိုခဲ့ပြီး ကိုယ်တိုင်ဂီတသမားဖြစ်ပေမယ့် လူစုရုံးကာ တီးခတ်ဖျော်ဖြေတာကို ရှောင်ကြဉ်ခဲ့တယ်လို့ သိရပါတယ်။
You may also like these stories:
နေပြည်တော် COVID-19 လူနာ ၂ ကြိမ် ဆက်တိုက် ဆေးစစ်ချက်အရ ပိုးမတွေ့တော့
သင်္ကြန်ကာလ Covid-19 ရောဂါ ပျံ့ပွားနှုန်း အလားအလာ