အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံတွင် စောင့်ကြည့်လူနာအဖြစ် ကိုယ်တိုင် သွားရောက်ကာ အစစ်ဆေးခံခဲ့တဲ့ အဆိုတော် နီတာကတော့ ယနေ့၊ ဧပြီလ ၁၆ရက်နေ့မှာ COVID-19 ရောဂါပိုး အတည်ပြုလူနာ ဖြစ်သွားပြီလို့ ဧရာဝတီကို ပြောပါတယ်။
“ဟုတ်ပါတယ်၊ ကျနော် Positive ဖြစ်ပါတယ်။ အခု Ambulance (လူနာတင်ကား) ပေါ် ရောက်နေပါပြီ”လို့ နီတာက ပြောပါတယ်။ အဆိုတော် နီတာဟာ မတ်လအတွင်းက ဘာသာရေး ပွဲတပွဲမှာ ပါဝင်ခဲ့ပြီး နောက်ပိုင်း ရက်များမှာ ဖျားနာလာတာကြောင့် ဧပြီလ ၁၄ ရက်နေ့က အင်းစိန်ဆေးရုံ အထူးကြပ်မတ်ဆောင်မှာ စောင့်ကြည့်လူနာအဖြစ် သွားရောက် စစ်ဆေးခံခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ နီတာထံမှာ ရောဂါပိုးတွေ့ရှိပြီးနောက် ဝေဘာဂီဆေးရုံကို ပို့ဆောင်နေပြီဖြစ်ပြီး နီတာကတော့ သာကေတမြို့နယ်မှာ နေထိုင်သူတဦးလို့ သိရပါတယ်။
“Positive လို့တော့ ပြောပါတယ်။ အတည်ပြုတဲ့စာရင်းကတော့ တွေ့တဲ့အတိုင်းပဲလေ။ သူ့အိမ်ကတော့ ၁၀ တောင်ရပ်ကွက် သာကေတမှာ ဆိုတာတော့ ဟုတ်တယ်။ Positive ဆိုရင်တော့ လုပ်ရမယ့်လမ်းစဉ်တွေအတိုင်း မြို့နယ်က ဆောင်ရွက်နေတယ်” လို့ သာကေတမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။
အဆိုပါ ဘာသာရေးပွဲ သွားရောက်ခဲ့တဲ့သူများထဲမှ တဦးဖြစ်တဲ့ သီရိရှင်းသန့်ကတော့ ဒီကနေ့ ဓာတ်ခွဲအဖြေမှာ Negative ဖြစ်ခဲ့တယ်လို့ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဖော်ပြခဲ့ပါတယ်။
ဘာသာရေးပွဲကတဆင့် တရားဟောဆရာ ဒေးဗစ်လား၊ အဆိုတော် မျိုးကြီးနဲ့ ဇနီး၊ အခြား ပွဲတက်ရောက်ခဲ့သူ အချို့တို့မှာ COVID-19 ရောဂါပိုး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဧပြီလ ၁၃ ရက်နေ့က သတင်း ထုတ်ပြန်ထားပြီး ယနေ့ မနက်မှာလည်း အဆိုတော် ဂျေမီရဲ့ ဇနီးမှာလည်း ရောဂါပိုး တွေ့ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
အဆိုတော် ဂျေမီနဲ့ သမီးဖြစ်သူမှာတော့ ရောဂါပိုး မတွေ့ရှိရဘူးလို့ သိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ COVID – 19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၈၅ ဦးအထိ ရှိနေပြီး သေဆုံးသူ ၄ ဦး ရှိကာ ပြန်လည် သက်သာလာသူ ၂ ဦးရှိပြီလို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားပါတယ်။
You may also like these stories:
အဆိုတော်ဂျေမီ၏ အမျိုးသမီးတွင် COVID-19 ရောဂါပိုးတွေ့
အဆိုတော်ဂျေမီနှင့် မိသားစုကို COVID-19 ရောဂါပိုးစစ်ဆေး