ယခုနှစ်ဟာ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်ကနေ ၁၃၈၂ ခုနှစ်ကို ကူးပြောင်းတဲ့နှစ် ဖြစ်ပါတယ်။
ဒီနှစ် မဟာသင်္ကြန်ကာလမှာ COVID-19 ရောဂါကြောင့် လူစုလူဝေး ဖြစ်စေမယ့် ပွဲတော်များ ပြုလုပ်ခွင့် မရခဲ့ဘဲ ပြည်သူများဟာ အိမ်ကနေပဲ သင်္ကြန်ကာလကို ဖြတ်သန်းခဲ့ကြပါတယ်။ အနုပညာရှင်များကလည်း ပြည်သူများကို အိမ်မှာနေဖို့ တိုက်တွန်းခဲ့ကြပြီး အနုပညာရှင်အချို့ကတော့ အွန်လိုင်းကနေ ရေသဘင်ပွဲ ဆင်နွှဲကာ ပရိသတ်တွေကို ဖျော်ဖြေခဲ့ကြပါတယ်။
မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ နှစ်ဆန်းတရက်နေ့၊ နှစ်သစ်ကူး အချိန်ကာလမှာ ဆုတောင်းပေးကြတဲ့ အနုပညာရှင်အချို့ရဲ့ နှစ်သစ် ဆုတောင်းစကားများကို ဧရာဝတီက စုစည်း ဖော်ပြလိုက်ပါတယ်။
အဆိုတော် စိုင်းစိုင်းခမ်းလှိုင်
“ပရိသတ်များအားလုံး မြန်မာ နှစ်ဆန်း ၁ ရက်နေ့ကနေ လာမယ့် တနှစ်လုံး ကိုယ်ရောစိတ်ရော ကျန်းမာချမ်းသာပါစေ။ အားလုံး အဆင်ပြေပါစေ၊ နေကောင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းပါတယ်။ အခု ကျနော်တို့အားလုံး တွေ့ကြုံခံစားနေရတဲ့ COVID-19 ရောဂါဆိုးကြီးလည်း ဒီကမ္ဘာမြေကနေ အမြန်ဆုံး ပြီးစီးသွားပါစေ၊ ပပျောက်သွားပါစေ”
“ကျနော့် မိတ်ဆွေများလည်း လုပ်ငန်းများ ပြန်လည်ပတ်နိုင်ပါစေ၊ အဆင်ပြေပါစေ။ အလုပ်တွေ ဖြစ်ပါစေ။ အထူးသဖြင့် COVID-19 ရောဂါ ကူးစက်ခံထားရတဲ့ ပုဂ္ဂိုလ်များလည်း မိမိရဲ့ ကိုယ်ခံစွမ်းအားကနေ အမြန်ဆုံး ပြန်ပြီးတော့ တိုက်ထုတ်နိုင်ပါစေ။ အားလုံး ပြန်ပြီးတော့ ကျန်းမာပါစေ။ ကျနော်တို့ ဆက်လက်ပြီးတော့ ရှင်သန်ကြပါမယ် ခင်ဗျာ”လို့ စိုင်းစိုင်းခမ်းလှိုင်က ဆုတောင်းထားပါတယ်။
ဆက်လက်ပြီး “အခုချိန်မှာ ကျနော်တို့ အားလုံးက Stress တွေ ဖြစ်နေတယ်၊ ပူပန်သောကတွေ ရောက်နေတယ်။ အဲဒီအတွက်လည်း ကျနော်တို့ ဂီတ ညီအစ်ကို မောင်နှမတွေ စုစည်းပြီး သီချင်းလေးတပုဒ် လက်ဆောင်ပေးဖို့ ဖန်တီးပေးထားပါတယ်။ နှစ်သစ်ကူး လက်ဆောင်ပါ။ ဒီသီချင်းလေးကိုလည်း အမြန်ဆုံး တင်ဆက်ပေးသွားမယ်”လို့ စိုင်းစိုင်းခမ်းလှိုင်က ဆိုပါတယ်။
သရုပ်ဆောင် ဝတ်မှုံရွှေရည်
“မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှစ၍ မြန်မာနိုင်ငံသူ၊ နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသား အားလုံး ကြုံတွေ့နေရတဲ့ ကပ်ဘေးရန်မှ အမြန်ဆုံးကျော်လွှားနိုင်ပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကာ ဘေးကင်းကြပါစေ”လို့ သရုပ်ဆောင် ဝတ်မှုံရွှေရည်က ဆုတောင်းထားပါတယ်။
အဆိုတော် နီနီခင်ဇော်
“မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေ။ နှစ်သစ်မှာ ချစ်သော ပရိသတ်များအားလုံး၊ သူငယ်ချင်းများအားလုံးကို အရမ်း သတိရကြောင်းလည်း အိမ်ကနေ ပြောချင်ပါတယ်။ နှစ်သစ်မှာ နေကောင်း ကျန်းမာပြီး ကပ်ဆိုးကနေ အမြန်ဆုံးကင်းဝေးပါစေလို့ လူတိုင်းထပ်တူ ဆုတောင်းနေမှာ အမှန်ပါပဲ”
“အထူးကျေးဇူတင် ဂုဏ်ပြုဆုတောင်းပေးချင်တာကတော့ Front Line Heros ကျန်းမာရေးဝန်ထမ်း ပြည်သူ့ လုံခြုံရေးအတွက် ထမ်းဆောင်နေရသော heros များ ဘေးကင်းကျန်းမာပါစေ။ နီနီကတော့ အမြန်ဆုံး ဒီကပ်ဆိုးကြီး ပြီးတာနဲ့ တန်ဖိုးထား ချစ်ရတဲ့ မိသားစုနဲ့ ပရိသတ်တွေ၊ သူငယ်ချင်းတွေကို အားပါးတရ တွေ့ချင်ပါတယ်။ အဲ့ဒီ တနေ့ကိုလည်း မျှော်လင့်နေပါတယ်”လို့ နီနီခင်ဇော်က ဆုတောင်းထားပါတယ်။
အဆိုတော် ဖြူဖြူကျော်သိန်း
“မင်္ဂလာရှိတဲ့ မြန်မာနှစ်သစ်ပါရှင်။ ချစ်ပရိသတ်များအားလုံး ကိုယ်စိတ်နှလုံး သုံးပါးလုံး ကျန်းမာချမ်းသာကြပါစေ။ ရောဂါကပ်ဆိုးဘေးက ကင်းဝေးကြပါစေ။ အချင်းချင်း ချစ်ခြင်းမေတ္တာနဲ့ ကိုယ်ချင်းစာတရား ပွားများနိုင်ကြပါစေ။ အကုသိုလ် အမင်္ဂလာတွေနဲ့ ကင်းဝေးအောင် နေနိုင်ပြီး အကြည်ဓာတ်တွေ မျှဝေနိုင်ကြပါစေ”လို့ ဖြူဖြူကျော်သိန်းက ဆုတောင်းထားပါတယ်။
အဆိုတော် ပိုပို
“နှစ်သစ်မှာ ကောင်းသော စိတ်သစ်နဲ့ မြတ်ဗုဒ္ဓ၏ တရားတော်များကို သိမြင် ကျင့်ကြံနိုင်ကြပါစေ။ နှစ်သစ်မှ စပြီး မကောင်းသော ကပ်ရောဂါဆိုးများ၊ စိတ်ယုတ် စိတ်ညစ်များ ပယ်ပျောက် ကင်းစင်ကြပါစေ။ တကမ္ဘာလုံး ရောဂါ ကပ်ဘေးမှ အမြန်ဆုံး သက်သာပျောက် ကင်းကြပါစေ”လို့ အဆိုတော် ပိုပိုက ဆုတောင်းထားပါတယ်။