အဆိုတော် ဇော်ဝင်းထွဋ်က လက်ရှိမှာ COVID -19 ပိုးတွေ့ရှိခဲ့တဲ့ လူနာနဲ့ ထိတွေ့မိတာကြောင့် ကိုယ်တိုင် Quarantine ဝင်ရောက်နေပြီလို့ သိရပါတယ်။
“နောက်တယောက် ပါတာကတော့ သူ့မိန်းမလို့တော့ ပြောတာပဲ။ သူ့သဘောနဲ့ သူဝင်တာဆိုတော့ အသေးစိတ်ကတော့ ကျန်းမာရေးဌာနက ပိုပြီးသိလိမ့်မယ်”
“သူတို့က သူငယ်ချင်း အချင်းချင်း နှုတ်ဆက်မိတာ၊ တွေ့မိတာကြောင့် သူတို့ရဲ့ အသိစိတ်ဓာတ်အရ သူက Positive ဖြစ်တယ် မသိနိုင်သေးဘဲ ဆက်ပြီးတော့ သွားနေမိမယ်ဆိုရင် ဆက်လက် ကူးမှာစိုးလို့ ဝင်တဲ့သဘောပါ။ သူ့ဘက်က အသိစိတ်ဓာတ်နဲ့ ဝင်တဲ့သဘောပါ” လို့ လှိုင်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းက ဧရာဝတီကို ပြောပါတယ်။
လက်ရှိမှာတော့ လှိုင်တက္ကသိုလ်နယ်မြေရှိ Quarantine Center တခုဖြစ်တဲ့ ရာမညဆောင်မှာ Facilities Quarantine ဝင်ရောက်လျက်ရှိပြီး ဇော်ဝင်းထွဋ်နဲ့အတူ မိသားဝင်တဦး ပါရှိတယ်လို့ သိရပါတယ်။
“ရာမညဆောင်မှာ ဝင်တယ်လို့တော့ ကြားပါတယ်။ အဲ့မှာ Center ရှိတော့ ဝင်နေတယ် ကြားပါတယ်။ ဘယ်အချိန်က ရောက်တာလဲတော့ ကျနော် မသိဘူး။ Positive ဖြစ်တဲ့သူနဲ့ ဆက်စပ်မိတဲ့ ပုံစံရှိတော့ Quarantine ဝင်တဲ့ပုံစံ ဖြစ်မှာပါ။ မိသားစုဝင် ၂ ယောက်လို့တော့ သိရတယ်။ Facilities Quarantine ကတော့ သူတို့ကို သီးသန့်နေရာမှာ ထားတယ်။ အစားအသောက် လိုအပ်တာတွေကို အပြင်ကနေပဲ အချိန်နဲ့ပဲ ပို့ပေးရတာ ဖြစ်ပါတယ်” လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
Quarantine ဝင်ရောက်တဲ့ထဲမှာ နိုင်ငံခြားပြန်များနဲ့ Contact Person လို့ခေါ်တဲ့ Positive လူနာနဲ့ ထိတွေ့မှုရှိတဲ့သူဆိုကာ ၂ ပိုင်းရှိပြီး ဇော်ဝင်းထွဋ်ကတော့ Contact Person ဖြစ်တဲ့အတွက် စစ်ဆေးဖို့အတွက် တန်းစီရမှာဖြစ်တယ်လို့ သိရပါတယ်။
“ကျနော်တို့ ၂ ပိုင်း ရှိပါတယ်။ နိုင်ငံခြားကပြန်လာတဲ့ ပုဂ္ဂိုလ်တွေကိုကျတော့ Quarantine ဝင်ရင် စစ်ဆေးမှု မပြုလုပ်ဘဲ ၁၄ ရက်၊ အခုတော့ ၂၁ရက်ပေါ့။ စောင့်ကြည့်ပြီး အဲ့အတွင်းမှာ ဖျားတာနာတာ ဖြစ်လာမယ်။ ကိုယ်အပူချိန်တွေ မြင့်တက်မယ်။ ချောင်းဆိုးမယ်၊ အသက်ရှုကျပ်တယ်ဆိုတဲ့ ရောဂါလက္ခဏာတွေဖြစ်မှ စစ်ဆေးပြီး ဝေဘာဂီဆေးရုံ ပို့တာ ဖြစ်ပါတယ်။ အခုကတော့ Contact Person ခေါ်တာပေါ့။ သူတို့ကိုကျတော့ Quarantine ထားတဲ့အချိန်မှာပဲ ကျနော်တို့က တခါတည်း စစ်ဆေးတယ်ပေါ့”လို့ ပြောပါတယ်။
ဆက်လက်ပြီး “ရန်ကုန်မှာပဲ စစ်နိုင်တဲ့အတွက် ကျနော်တို့က သူ့ကိုရောက်ရောက်ချင်းနေ့မှာ စစ်နိုင်ချင်မှ စစ်နိုင်မယ်။ တန်းစီရမယ်ပေါ့။ ရက်အလိုက် စစ်ဆေးမယ်ပေါ့။ Positive ဖြစ်ရင်တော့ ဝေဘာဂီဆေးရုံပို့မယ်။ မဖြစ်ခဲ့ရင်လည်း သေချာအောင် Quarantine ကတော့ ဆက်ထားရမယ်”လို့ ဦးကျော်ကျော်ထွန်းက ပြောပါတယ်။
အဆိုတော် ဇော်ဝင်းထွဋ်ကတော့ လူမှုကွန်ရက် စာမျက်နှာမှာ တက်လာတဲ့ ပုံတပုံကြောင့် အားလုံး သံသယကင်းစေရန် Quarantine ဝင်ရောက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ နေကောင်း ကျန်းမာလျက်ရှိတယ်လို့ ဇော်ဝင်းထွဋ်ရဲ့ Official Fan Club မှာ ဖော်ပြထားပါတယ်။
You may also like these stories:
အဆိုတော် နီတာတွင် COVID -19 ရောဂါပိုးတွေ့
“ဘယ်ဘာသာမဆို လူစုလူဝေး လုပ်တာကို ကန့်ကွက်တယ်”လို့ နိုင်ဇော် ပြော
ကိုဗစ်ကာလမှာ ဈေးရောင်းမကောင်းလို့ အခက်အခဲဖြစ်နေတဲ့ ဇာတ်ပို့ နွယ်နီ