COVID-19 ရောဂါ ပြန့်ပွားမှုများကြောင့် ကမ္ဘာတဝှမ်းက လူများဟာ နေအိမ်အတွင်းမှာပဲ နေထိုင်နေကြရပါတယ်။ ဆရာဝန်များကို ကူညီတဲ့ အနေနဲ့ ရောဂါ ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်အောင် နေအိမ်မှာ နေထိုင်သူတွေအထဲမှာ ကမ္ဘာကျော် အဆိုတော်တွေလည်း ပါဝင်ပါတယ်။
ရောဂါကူးစက်ခံရသူတွေကို ကယ်တင်နိုင်ဖို့ ရှေ့တန်းမှာ တာဝန်ထမ်းဆောင်နေရတဲ့ ဝန်ထမ်းအားလုံးကို ဂုဏ်ပြုတဲ့အနေနဲ့ ဧပြီလ ၁၈ ရက်နေ့က နိုင်ငံတကာက အဆိုတော်များ ပူးပေါင်းပြီး ရှိုးပွဲတခုကို နေအိမ်တွင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ဒီရှိုးပွဲမှာ ပါဝင်တဲ့ အဆိုတော်များဟာ သူတို့ရဲ့ နေအိမ်အတွင်းမှာပဲ သီချင်းများကို သီဆိုကြတာဖြစ်ပါတယ်။ ပွဲရဲ့ ထူးခြားချက်က ရန်ပုံငွေ မရှာပဲ ဖျော်ဖြေရေး သက်သက်ကိုသာ ပြုလုပ်ခြင်းဖြစ်ပြီး အဓိက ရည်ရွယ်ချက်ကတော့ COVID-19 ရောဂါဖြစ်ပွားချိန်မှာ နေအိမ်အတွင်းမှာ အများနည်းတူ မနေရဘဲ တာဝန်ထမ်းဆောင်နေရသူများကို ဂုဏ်ပြုလိုခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဂုဏ်ပြုလိုတဲ့ ဝန်ထမ်းတွေထဲမှာ ဆရာဝန်များ၊ ကုန်ပစ္စည်းပို့ဆောင်ရေးသမားများ၊ အစားအသောက်ဆိုင်များနဲ့ အများကိုယ်စား ဈေးဝယ်ပေးသူများ၊ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ဖို့ အများကို ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်းများ ပါဝင်တယ်လို့ သိရပါတယ်။
အစီအစဉ်များကို နိုင်ငံတကာ ရုပ်သံလိုင်းများမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့ပြီး Youtube မှလည်း တိုက်ရိုက် ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။ “Together At Home” လို့ အမည်ရတဲ့ ဒီရှိုးပွဲရဲ့ အစီအစဉ်တွေမှာ အဆိုတော်များ သီချင်းဆိုခြင်း၊ ရောဂါ ပြန့်ပွားတဲ့ နေရာများမှာ ပြည်သူအချင်းချင်း ကူညီကြတဲ့ ရုပ်သံဖိုင်များကို ဖွင့်ပြခြင်း၊ ရုပ်ရှင်သရုပ်ဆောင်များမှ ကာကွယ်ရေး အချက်အလက်များ ပညာပေးခြင်းတွေ ပါဝင်ပါတယ်။
“ရှင်တို့ရဲ့ ပိုက်ဆံအိတ်တွေကို ခပ်ဝေးဝေးထားလိုက်ပါ။ ဒါဟာ အလှူခံတဲ့ပွဲ မဟုတ်ပါဘူး။ ကျမတို့ရဲ့ ချစ်ခြင်းမေတ္တာ စာစောင်တွေကို ရှင်တို့ကို လက်ဆောင်ပေးခြင်းဖြစ်ပါတယ်”လို့ ဒီပွဲမှာ ဖျော်ဖြေခဲ့တဲ့ အဆိုတော် လေဒီဂါဂါက ပြောပါတယ်။
ခေတ်အဆက်ဆက် နာမည်ကျော်ခဲ့တဲ့ အဆိုတော်များက ဖျော်ဖြေခဲ့ကြတဲ့ ဒီပွဲမှာ Rolling Stone အဖွဲ့က စပြီး Taylor Swift နဲ့ ယနေ့ခေတ် အဆိုတော် Billie Eilish စတဲ့ အဆိုတော်တွေ အထိ စုံလင်စွာပါဝင် ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။
Ref. TheGuardian
You may also like these stories:
အဆိုတော် ဇော်ဝင်းထွဋ်နဲ့ မိသားစုဝင်တဦး Quarantine ဝင်ရောက်နေ
မြန်မာ နှစ်သစ်မှာ ဆုတောင်းပေးကြတဲ့ အနုပညာရှင်များ
အဆိုတော် နီတာတွင် COVID -19 ရောဂါပိုးတွေ့