တောင်ကိုရီးယားနိုင်ငံရဲ့ ရုပ်သံလိုင်းတချို့ကနေ လက်ရှိအချိန်မှာ ထုတ်လွှင့်နေတဲ့ ဒရာမာဇာတ်လမ်းတွဲတွေထဲမှာ “The World of The Married” နဲ့ “The King: Eternal Monarch” တို့က ထိပ်ဆုံးရောက်နေတာကို တွေ့ရပါတယ်။ အဲ့ဒီ စီးရီးနှစ်ခုလုံးရဲ့ နောက်ဆုံး ထုတ်လွှင့်ခဲ့တဲ့ အပိုင်းတွေဟာ ဆိုရင် လူကြည့်နှုန်း အမြင့်ဆုံးကို ရရှိပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၈ ရက်နေ့မှာ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “The World of The Married” ဟာ ပထမဆုံး အကြိမ်အနေနဲ့ လူကြည့်နှုန်း ၂၀ ရာခိုင်နှုန်း ကျော်လွန်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ဒရာမာရဲ့ နောက်ဆုံး ထုတ်လွှင့်ခဲ့တဲ့ အပိုင်းဟာဆိုရင် နိုင်ငံတဝန်း လူကြည့်နှုန်း ၂၀ ဒဿမ ၁ ရာခိုင်နှုန်း ရှိခဲ့ပြီး သမိုင်းတလျှောက်လုံးမှာ ထုတ်လွှင့်ခဲ့ဖူးသမျှ ဒရာမာတွေထဲ လူကြည့်နှုန်း အမြင့်ဆုံးကို ရောက်ရှိခဲ့တာလည်း ဖြစ်ပါတယ်။
ဗြိတိသျှရုပ်သံ စီးရီးတခုကို အခြေခံရိုက်ကူးထားတဲ့ “The World Of The Married” ဒရာမာဟာ ငြိမ်းချမ်းတဲ့ မိသားစုတခုကို ပိုင်ဆိုင်ထားတဲ့ မိသားစုရေးရာ ဆရာဝန် အမျိုးသမီးတဦးနဲ့ ဖောက်ပြန်ခဲ့တဲ့ သူ့ခင်ပွန်းသည်တို့ကြားက အာဃာတ အမုန်းတရားတွေကို အခြေခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဲ့ဒီ ဒရာမာကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကစလို့ ထုတ်လွှင့်ပြသခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “The King: Eternal Monarch” ဒရာမာဟာဆိုရင်လည်း ပထမဆုံးအပိုင်း ၂ ပိုင်းကို ထုတ်လွှင့်ခဲ့ပြီးချိန်မှာတော့ လူကြည့်နှုန်း ၈ ဒဿမ ၄ ရာခိုင်နှုန်းနဲ့ ၁၁ ဒဿမ ၆ ရာခိုင်နှုန်းကို ရရှိခဲ့ပါတယ်။
နာမည်ကျော် မင်းသား လီမင်းဟို ပါဝင်ထားတဲ့ အဲ့ဒီဒရာမာကတော့ ဒီမိုကရေစီနဲ့ သက်ဦးဆံပိုင် ဘုရင်စနစ်တို့ရှိတဲ့ စင်ပြိုင်စကြာဝဠာ၂ခုကြားက တံခါးပေါက်ကို ပိတ်ရမယ့် ဧကရာဇ်တပါးနဲ့ ထောက်လှမ်းရေး မိန်းကလေး တယောက်အကြောင်း ဇာတ်အိမ်တည် ရိုက်ကူထားတာ ဖြစ်ပါတယ်။
KBS 2TV ကနေထုတ်လွှင့်ခဲ့တဲ့ “Once Again” ဒရာမာဟာလည်း လူကြည့်နှုန်း ၂၁ ဒဿမ ၃ ရာခိုင်နှုန်း နဲ့ ၂၆ ဒဿမ ၆ ရာခိုင်နှုန်းတို့ကို ပိုင်ဆိုင်ထားပါတယ်။ နောက်ဆုံးအပိုင်းကို ထုတ်လွှင့်ခဲ့တဲ့ tvN ရဲ့ “Hi Bye, Mama” ဒရာမာဟာလည်း လူကြည့်နှုန်း ၄ ဒဿမ ၈ ရာခိုင်နှုန်းရှိပြီး OCN ရဲ့ “Rugal” ဒရာမာဟာဆိုရင် လူကြည့်နှုန်း ၁ ဒဿမ ၅ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။
Ref: soompi
You may also like these stories:
နိုင်ငံတကာအဆိုတော်များ စုပေါင်းကာ နေအိမ်တွင်းကနေ ရှိုးပွဲပြုလုပ်
ကပ်ရောဂါ ဖြစ်နေချိန်မှာ နွမ်းပါးတဲ့ အနုပညာသမားတွေကို လှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ
ကိုဗစ်ကာလမှာ ဈေးရောင်းမကောင်းလို့ အခက်အခဲဖြစ်နေတဲ့ ဇာတ်ပို့ နွယ်နီ