ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရစဉ်က အကြောင်းတွေကို ပြောပြတဲ့ မင်းသား Tom Hanks
သြစတြေးလျနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရပြီး ပြန်လည် သက်သာလာခဲ့တဲ့ မင်းသား Tom Hanks က သူရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေအကြောင်း ပြောပြခဲ့ပါတယ်။
အသက် ၆၃ နှစ်အရွယ် မင်းသားနဲ့ သူ့ရဲ့ ဇနီးတို့ဟာ သြစတြေးလျနိုင်ငံမှာပဲ အဲ့ဒီရောဂါကို ကုသခဲ့ကြတာဖြစ်ပြီး ဇနီး Rita က သူ့ထက်ပိုပြီးတော့ အဖျားကြီးတဲ့ ရောဂါလက္ခဏာကို ခံစားခဲ့ရတယ်လို့ မင်းသားကြီးက ပြောဆိုလိုက်တာပါ။
“Rita က ကျနော့်ထက်ပိုပြီး ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကို ဖြတ်သန်းခဲ့ရပါတယ်။ သူက တော်တော်လေးကို အဖျားကြီးခဲ့တယ်။ တခြားရောဂါလက္ခဏာတွေလည်း ပြခဲ့တယ်။ အနံ့နဲ့ အရသာ အာရုံခံနိုင်မှု ဆုံးရှုံးခဲ့တယ်။ သီတင်း ၃ ပတ်လောက် ဘာစားစား ခံတွင်းမတွေ့ဘူး ဖြစ်ခဲ့တယ်။ သူက တော်တော်လေးကို အော့အန်ခဲ့တယ်။ အိပ်ရာကနေ ဆေးရုံအထိရောက်အောင် တွားသွားသလို သွားခဲ့ရတယ်” လို့ မင်းသား Tom Hanks က ဆိုပါတယ်။
“Forrest Gump” ရုပ်ရှင်မင်းသားကြီး Hanks က အဲ့ဒီဗိုင်းရပ်စ်ဟာ တော်တော်လေးကို ဆိုးရွား ပြင်းထန်တဲ့ အရာဖြစ်တယ်လို့လည်း ဝန်ခံခဲ့ပါတယ်။
National Defense Radio Show အစီအစဉ်မှာ မင်းသားကြီးက “ကျနော်တို့ရဲ့ သီးခြားခွဲထားအခန်းထဲကို ရောက်လာခဲ့တဲ့ ဆရာဝန်နဲ့ သူနာပြုတိုင်းက ဘယ်လိုလဲ အဆင်ပြေရဲ့လား မေးကြတယ်။ ကျနော်ကတော့ တော်တော်လေးကို ဆိုးရွားတဲ့အရာပဲလို့ ပြောခဲ့တယ်။ ကြမ်းပြင်ပေါ်မှာ အခြေခံ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းတွေကိုလည်း ကြိုးစားပြီးလုပ်ခဲ့ပေမယ့် တဝက်လောက် တောင်မလုပ်နိုင်ခဲ့ဘူး” လို့ ဆိုပါတယ်။
အခုလိုမျိုး ဇနီးမောင်နှံနှစ်ဦးလုံး ပြိုင်တူ COVID-19 ရောဂါကူးစက်ခံခဲ့ရတာကြောင့် ပိုမိုလွယ်ကူတဲ့အခြေအနေ ဖြစ်ခဲ့တယ်လို့လည်းဆိုပါတယ်။
Rita က “တချိန်တည်းမှာ ဗိုင်းရပ်စ်ပိုး အတူတူ ကူးစက်ခံရတာဟာ နည်းနည်းလေး ပိုမိုလွယ်ကူတယ်လို့ ထင်ပါတယ်။ တယောက်က တယောက်ကို ဖိအားကြီးနဲ့ ဂရုစိုက်ပေးရမယ့်အစား တယောက်ကို တယောက် အပြန်အလှန် ဂရုစိုက် ပေးနေရတယ်။ ယားယံတာမျိုး အဖျားကြီးတာမျိုး နှစ်ယောက်လုံးခံစားခဲ့ရတယ်။ ကျမက အနံ့နဲ့ အရသာအာရုံခံစားမှု ဆုံးရှုံးခဲ့ရတယ်။ အစာအိမ်ပြဿနာနဲ့ ကတုန်ကယင်ဖြစ်တာလည်း ခံစားခဲ့ရတယ်။ ကျမ တော်တော်လေး ကြောက်ခဲ့ရတယ်” လို့လည်း ဆိုပါတယ်။
Ref:contactmusic
You may also like these stories:
Covid-19 ကုသဆေး အပြင်းအထန် ရှာနေ