ငယ်ဘဝ အမှတ်တရတွေနဲ့ ဖြတ်သန်းမှုတွေထဲမှာ Tom and Jerry ကာတွန်းရုပ်ရှင်တွေကလည်း တခုအပါအဝင် ဖြစ်ပါတယ်။
ဘယ်ချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တဲ့ Tom and Jerry ကာတွန်းဇာတ်လမ်းတွေရဲ့ ဖန်တီးရှင် ဒါရိုက်တာကြီး Gene Deitch ဟာ ပြီးခဲတဲ့ ကြာသပတေးနေ့ ဧပြီလ ၁၆ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။
နာမည်ကျော် ကာတွန်းဇာတ်ကောင်တွေဖြစ်တဲ့ Tom and Jerry နဲ့ Popeye တို့ရဲ့ ဖန်တီးရှင်ကြီးဟာ မမျှော်လင့်ဘဲ ရုတ်တရက်ဆိုသလို ကွယ်လွန်သွားခဲ့ရတာဖြစ်တယ်လို့ သတင်းတွေအရ သိရပြီး သူနေထိုင်တဲ့ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ၊ Prague မြို့က တိုက်ခန်းလေးမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ထုတ်ဝေသူ Petr Heimmel က ပြောကြားခဲ့ပါတယ်။
Gene ရဲ့နာမည်အရင်းကတော့ Eugene Merrill Dtch ဖြစ်ပြီး ၁၉၂၄ ခုနှစ်မှာ Chicago မှာ မွေးဖွားခဲ့တာပါ။ ၁၉၅၉ ခုနှစ်မှာ Prague ကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူ Zdenka နဲ့အတူ ကွယ်လွန်ချိန်အထိ Prague မှာပဲ နေထိုင်သွားခဲ့တာ ဖြစ်ပါတယ်။
၁၉၆၀ ခုနှစ်မှာ Munro ဆိုတဲ့ ရုပ်ရှင်နဲ့ အကောင်းဆုံံး Animation ဇာတ်လမ်းတိုဆုကို ရရှိခဲ့တာဖြစ်ပြီး ၁၉၆၄ ခုနှစ်မှာတော့ “Here’s Nudnik” နဲ့ “How to Avoid Friendship” စတဲ့ ရုပ်ရှင်တွေနဲ့ ဆန်ခါတင် စာရင်းဝင်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ် အစပိုင်းကာလတွေတုန်းက Gene ဟာ အမေရိကန် လေတပ်မတော်အတွက် လေယာဉ်ပုံကြမ်းတွေ ရေးဆွဲခဲ့ဖူးပြီး သူဆွဲခဲ့တဲ့ လေယာဉ်ပုံကြမ်းတွေထဲမှာ wildcat နဲ့ mustang ဆိုတဲ့ လေယာဉ်ပုံကြမ်းတွေကတော့ နာမည်ကျော် ထင်ရှားခဲ့တာ ဖြစ်ပါတယ်။
၁၉၆၀ ခုနှစ်မှာ Metro Goldwyn Mayor နဲ့ လက်တွဲကာ “Tom and Jerry” ကာတွန်းဇာတ်လမ်းတွေကို ဖန်တီးရေးဆွဲခဲ့တာဖြစ်ပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ လူသိများ ထင်ရှားအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ကွယ်လွန်ချိန်မှာတော့ ဇနီးဖြစ်သူနဲ့ သား ၃ ဦး ကျန်ရစ်ခဲ့ပြီး သားဖြစ်သူတွေဟာလည်း ကာတွန်းရေးဆွဲသူတွေနဲ့ illustrator တွေပဲ ဖြစ်ပါတယ်။
Ref. www.standard.co.uk