အဆိုတော် ကေကေမိုးက အခုချိန်မှာ ကိုဗစ် ကာကွယ်ရေးအတွက် ဒီရောဂါပိုးရှိသူတွေနဲ့ ထိတွေ့ခဲ့သူတွေအနေနဲ့ ကိုယ့်အသိစိတ်နဲ့ကိုယ် Quarantine ကြတဲ့သူတွေလို့ သိရတဲ့အတွက် ဝမ်းသာတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“ဒီရောဂါက ဘယ်သူ့ဆီမဆို ရောက်လာနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီး သတိနဲ့နေကြပါလို့ ပြောချင်ပါတယ်။ ကိုယ့်အသိစိတ်နဲ့ကိုယ် Quarantine ကြတဲ့ သူတွေလို့ သိရလို့ အရမ်းဝမ်းသာပါတယ်။ Quarantine ဝင်ဖို့ ထွက်ပြေး တဲ့သူတွေ ဝင်ဖို့ကြောက်တဲ့သူတွေ ရှိတယ်ကြားရတော့ စိတ်လည်း မကောင်းဘူး။ အဲ့ဒါက ကိုယ်တင် မကဘူး။ ကိုယ့်ပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးရာရောက်တယ်”
“ဒီရောဂါနဲ့ ဆက်စပ်မှု ရှိတဲ့သူဖြစ်ပါစေ၊ ထိတွေ့ခဲ့သူဖြစ်စေ နီးစပ်ရာ ကျန်းမာရေးဌာနကို အကြောင်းကြားပြီး Quarantine ဝင်ကြပါလို့။ အဲ့လို လုပ်ခြင်းအားဖြင့် ဘေးလူတွေလည်း ဒုက္ခမရောက်ဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ရာရောက်ပါတယ်။ ကျမတို့လည်း အိမ်ထဲမှာပဲ နေပါတယ်။ တတ်နိုင်သလောက်ပရိသတ်တွေလည်း အပြင်မထွက်ပါနဲ့။ ကျန်းမာရေးဂရုစိုက်ကြပါ”လို့ ကေကေမိုးက ဧရာဝတီကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ COVID-19 ရောဂါပိုးရှိသူများ လာတာနဲ့အမျှ ကောလဟလတွေကို မယုံကြဘဲ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်တဲ့ သတင်းတွေကိုပဲ လိုက်နာပြီးစောင့်ကြည့်ပါလို့ ကေကေမိုးကပြောပါတယ်။
“အခုချိန်မှာ အလုပ်တွေက ပြန်လုပ်နေကြတယ်။ လုပ်ငန်းတွေကလည်း မလည်ပတ်လို့ မရတဲ့ လုပ်ငန်းတွေလည်း ရှိတယ်။ ဖြစ်နိုင်ရင်တော့ အလုပ်တွေ မဆင်းတာ အကောင်းဆုံးပေါ့။ မဖြစ်မနေ သွားရမယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး အကာအကွယ်ပြီး သွားကြပါလို့ ပြောချင်တယ်။ အခုမှမဟုတ်ပါဘူး”
“Facebook မှာက တခုခုဆို အကျယ်တဝင့် ဖြစ်တတ်တာ ဆိုတော့ ပရိသတ်တွေကလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သတင်းတွေကိုပဲ လိုက်နာပြီးစောင့်ကြည့်ပါ။ အဲ့သတင်းကိုပဲ ယုံကြပါ။ ကောလဟလတွေကို မယုံကြပါနဲ့”လို့ ကေကေမိုးက ပြောပါတယ်။
ဆက်လက်ပြီး ကေကေမိုးက လတ်တလော အိမ်မှာ နေဖြစ်တဲ့ အချိန်မှာလည်း သီချင်းတွေ မလုပ်ဖြစ်ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင်တော့ Live တွေ လွှင့်ပေးဖြစ်တယ်လို့ ဆိုပါတယ်။
“ အိမ်မှာတော့ သီချင်းကလည်း မရေးတတ်တော့ သီချင်းတွေ ဘာမှသိပ်မလုပ်ဖြစ်ဘူး။ သီချင်းလေးတပုဒ် အွန်လိုင်းကနေ သင်္ကြန်ပြီးရင်တင်ပေးမလို့လည်း အခုကရောဂါတွေလည်း ဖြစ်နေတော့ မတင်ဖြစ်ဘူး။ ရောဂါတွေ ပြီးသွားရင်တော့ တင်ဖြစ်မှာပါ။ အဆက်အသွယ် မပြတ်အောင်တော့ အိမ်မှာနေပြီး Facebook Live လေးတွေ လွှင့်ပေးဖြစ်တယ်။ အိမ်မှာ စားလွန်းလို့ ဝိတ်ပြန်လျှော့နေရပြီ။ အိမ်မှာ ကျန်းမာအောင် နေနေရပါတယ် ”လို့ ကေကေမိုးက ပြောပါတယ်။
You may also like these stories:
ဇော်ဝင်းထွဋ်ရဲ့မိခင် တေးသံရှင် ထား COVID -19 ကူးစက်ခံရတဲ့ သတင်း မဟုတ်မှန်
အဆိုတော် ဇော်ဝင်းထွဋ်နဲ့ မိသားစုဝင်တဦး Quarantine ဝင်ရောက်နေ
အဆိုတော် နီတာတွင် COVID -19 ရောဂါပိုးတွေ့