အခက်အခဲနဲ့ ကြုံတွေ့နေရတဲ့ လူတိုင်းအတွက် ရည်ရွယ်ပြီး ရေးသားထားတဲ့ “ကမ္ဘာမြေသီချင်း” ကို စိုင်းစိုင်းခမ်းလှိုင်က ကိုယ်တိုင်ရေးသားထားပြီး အဆိုတော် အယောက် ၂၀ သီဆိုထားပါတယ်။
“ဒီသီချင်းလေးက အခက်အခဲနဲ့ ကြုံဆုံနေရတဲ့ လူသားတိုင်းအတွက် ရည်ရွယ်ပါတယ်။ သီချင်းထဲမှာ ပါဝင်တဲ့သူတွေ အကုန်လုံးက ချစ်ခြင်းမေတ္တာနဲ့ ပါဝင်ထားကြတာပါ”လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောထားပါတယ်။
ကမ္ဘာမြေသီချင်းကိုတော့ ဧပြီလ ၁၉ ရက်နေ့ညပိုင်းက Facebook မှာ တင်ခဲ့တာဖြစ်ပြီး မကြာခင်မှာလည်း Music Platform အကုန်လုံးနဲ့ TV Channel များမှာလည်း ထုတ်လွှင့်ခွင့် တောင်းသွားမယ်လို့ သိရပါတယ်။
ဒီသီချင်းထဲမှာတော့ အဆိုတော် မျိုးကျော့မြိုင်၊ အဲလက်စ်၊ ဟန်ထွန်း၊ Rဇာနည်၊ ဖြိုးကြီး၊ ကိုအောင်၊ သအို၊ ဘန်နီဖြိုး၊ နေဝင်း၊ ဖြိုးလေး၊ G Fatt၊ ဖြိုးပြည့်စုံ၊ အောင်ထက်၊ မောင်မောင်ပြည့်စုံ၊ ပန်းရောင်ခြယ်၊ Mary ၊ Jewel၊ Gabriel Phway ၊ အမရာဘုဏ်းနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ ပါဝင် သီဆိုထားပါတယ်။
“အဆိုတော် အများကြီးကို Video chat နဲ့ အသံပြာအောင် Key ချိန်ခဲ့ရတာတော့ တကယ့်အမှတ်တရပါပဲ။ ဒီသီချင်းမှာ ပါဝင်တဲ့ လူတိုင်းကို အရမ်း ကျေးဇူးတင်ပါတယ်။ ကျနော်တို့ အားတင်းထားကြမယ်၊ ကျန်းမာကြပါစေ” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
အခုလို တကမ္ဘာလုံး ကပ်ဆိုးကြီးကို ရင်ဆိုင်နေကြတဲ့အချိန်မှာတော့ နယ်ပယ်အသီးသီးမှ ခွန်အားဖြစ်စေမယ့်အရာများ ဖန်တီးနေကြပြီး မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက အဆိုတော် ယုန်လေးရဲ့ “Save the World” သီချင်းနဲ့ ယခုအခါ စိုင်းစိုင်းခမ်းလှိုင်ရဲ့ “ကမ္ဘာမြေ” သီချင်းတို့ကတော့ အဆိုတော်များစွာ ပါဝင် သီဆိုကာ ဖန်တီးထားတဲ့ သီချင်းများဖြစ်ပါတယ်။
“ကမ္ဘာမြေ” သီချင်း