အခုလို COVID-19 ကပ်ဆိုးရောဂါကြီးကြောင့် လူတိုင်း အိမ်မှာနေရတဲ့အတွက် အားလုံး ပြန်တွေ့နိုင်မယ့် နေ့ရက်ကို မျှော်လင့်ပြီး နီနီခင်ဇော်က သူ့ရဲ့ ပရိသတ်များ (Ninians) နဲ့ အတူ ရေးသားထားတဲ့ “တနေ့” ဆိုတဲ့ သီချင်းကို အွန်လိုင်းမှာ မကြာသေးခင်က မိတ်ဆက်လိုက်ပါတယ်။
“ဒီရက်ပိုင်းမှာ တွေးမိတာက ဘယ်နေ့များမှ ဒါတွေ အဆုံးသတ်မလဲ သူငယ်ချင်းတွေကို အရမ်းသတိရပါတယ်။ ပွဲမှာ ရှေ့ဆုံးက နေရာယူပြီး လိုက်ဆိုကကြတဲ့ Fan တွေကို အရမ်းလွမ်းပါတယ်။ သူတို့တွေနဲ့ ဘယ်တော့မှ ပြန်တွေ့ရပါ့မလဲ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပျင်းရိချိန် မရှိ အလုပ်လုပ်ရတဲ့ နေ့ရက်တွေကို ညည်းညူခဲ့ဖူးတယ်။ ပင်ပန်းလိုက်တာ နားချင်လိုက်တာလို့လည်း ပြောခဲ့ဖူးတယ်။ အဲ့လိုအချိန်တွေကို ရွှေနဲ့ ပေးဝယ်တောင် မရနိုင်တော့ဘူး” နီနီခင်ဇော်က ပြောထားပါတယ်။
အဆိုပါ “တနေ့” သီချင်းကိုတော့ ဧပြီလ ၁၈ ရက်နေ့ ညနေပိုင်းက နီနီခင်ဇော်က သူ့ရဲ့ Facebook Page မှာ Music Video နဲ့အတူ တင်ထားတာဖြစ်ပြီး ကြည့်ရှုသူ ၁ သန်းရှိပြီ ဖြစ်ပါတယ်။
“အားလုံး အရင်ကလို ပျော်ရွှင်စွာ ပြန်တွေ့နိုင်မယ့် တနေ့ကျ ချစ်တဲ့သူတွေကို သံသယကင်းစွာ ဖက်ထားချင်တယ်။ အရင်ကလို ပြန်နေရရင် စိတ်ပိုင်းဆိုင်ရာတွေပါ ပြင်ဆင်ပြီး အသက်ရှင်ရတဲ့ နေ့ရက်တွေမှာ ချစ်ရတဲ့သူတွေကို တန်ဖိုးပိုထားနိုင်မယ်လို့ မျှော်လင့်တယ်။ အခုအချိန်က ကိုယ်ချစ်တဲ့သူတွေ၊ ဂရုစိုက်တဲ့သူတွေကို ချစ်ကြောင်းပြောရမယ့် အားပေးရမယ့် အချိန်ပါ” လို့ နီနီခင်ဇော်က ပြောပါတယ်။
“တနေ့” သီချင်းရဲ့စာသားများကိုလည်း ကိုယ်တိုင် ခံစားဖန်တီးခဲ့ပြီး စာသားအတွက် ပါဝင်စေဖို့အတွက်ကိုလည်း Ninians (နီနီခင်ဇော်ရဲ့ ပရိသတ်) အချို့ကို Video Call နဲ့ ခေါ်ပြီး ရေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“ဘဝမှာ Ninians တွေကို လွမ်းလို့ မငိုခဲ့ဖူးဘူး (အမှန်ပါ) ။ အခုတော့ ငိုခဲ့ဖူးပြီ။ အဲ့လိုခံစားပြီး ဒီသီချင်းလေးဖန်တီး ဖြစ်ပါတယ်။ စာသားတွေလည်း ပါဝင်စေဖို့ Ninians အချို့ကို Video Call နဲ့ရေးဖြစ်ပါတယ်။ အားလုံးနဲ့ပြန်တွေ့ချင်ပါတယ်၊ စိတ်တင်းပြီး အိမ်မှာပဲ နေပေးပါ။ တနေ့ ငါတို့တွေပြန်ဆုံနိုင်မယ့် “တနေ့” လို့ နီနီခင်ဇော်က ပြောပါတယ်။
“တနေ့” သီချင်း မတိုင်ခင်ကလည်း နီနီခင်ဇော်က ဝိုင်းစုခိုင်းသိန်းနဲ့အတူ တေးရေး ရွှေဂျော်ဂျော်ရေးထားတဲ့ “အိပ်မက်ဆိုးက နိုးစေ” သီချင်းကိုလည်း သီဆိုခဲ့ပါတယ်။
You may also like these stories:
Quarantine ကာလအတွင်း ခွေးတွေ ဆက်စောင့်ရှောက်ဖို့ ခက်ခဲနေတဲ့ Billie Eilish
ဗြိတိန်ဘုရင်မကြီးရဲ့ သက်တော် ၉၄ နှစ်ပြည့် မွေးနေ့ပွဲတွေကို တိတ်တဆိတ်သာ ကျင်းပ
စိုင်းစိုင်းခမ်းလှိုင် ရေးပြီး အနုပညာရှင်များစွာ ပါဝင်သီဆိုထားတဲ့ “ကမ္ဘာမြေ” သီချင်း