ကဗျာဆရာ စိုင်းဝင်းမြင့်ဟာ ကဗျာကောင်းများစွာ ရေးသားခဲ့သူ တယောက်ပါ။
“သူစိမ်း” ၊ “နားနားပြီးပြော” စတဲ့ကဗျာစာအုပ်တွေဟာ ထင်ရှားတဲ့ စာအုပ်တွေဖြစ်ပြီး အခုအချိန်မှာတော့ ကဗျာစာအုပ်ပေါင်း များစွာ ထုတ်နိုင်ခဲ့တဲ့အပြင် “တိုက်ခတ်နေတဲ့ လေထဲ” ဆိုတဲ့ စကားပြေစာအုပ်ကိုလည်း ထုတ်ခဲ့ပြီးပါပြီ။ အောင်မြင်တဲ့ ကဗျာဆရာဖြစ်တဲ့အပြင် ကျော်မွှေး စာအုပ်တိုက်ပိုင်ရှင်လည်း ဖြစ်ပါတယ်။
သင်္ကြန်ရက် မတိုင်ခင်မှာ ကဗျာဆရာ စိုင်းဝင်းမြင့်ကို ဧရာဝတီက သီးသန့် အင်တာဗျူးခဲ့ပါတယ်။ အဲဒီ အကြောင်းအရာတွေကို ပြန်လည် ဖော်ပြပေးချင်ပါတယ်။
မေး။ ။ “လမ်း” မဂ္ဂဇင်းက ဆက်ထွက်ဖြစ်ဦးမလား။
ဖြေ။ ။ လမ်းက တအုပ်ထုတ်တိုင်း ၁၀ သိန်းရှုံးတယ်။ ဒါအံ့သြစရာကြီးပဲလေ။ ရှုံးတယ်ဆိုတာက မင်းက ၁၀ သိန်းရင်းလို့ ၁၀ သိန်း ရှုံးတာလားဆိုရင် ကုန်တာက ၁၀ သိန်းမကဘူး။ လူတွေအများကြီးပါတာကို။ နဂိုကတည်းကလည်း ရည်ရွယ်ချက် ရှိပြီးသား။ လမ်းဆိုတာက အားလုံးလျှောက်နိုင်တဲ့ နေရာ။ ကဗျာတွေ စပြီးထည့်ကတည်းကိုက ဆိုးဆိုးဝါးဝါးတွေ တခုမှ မပါဘူး။
သူ့နာမည်နဲ့သူ ရှိပြီးသားဟာမျိုး။ အားလုံးလျှောက်ကြ လျှောက်ပါစေ။ သူ့ဂုဏ်သိက္ခာနဲ့သူ သွားနိုင်ပြီးသား။ လမ်းဆိုကတည်းက အားလုံးလျှောက်နိုင်ပြီးသား။ ဒါကြောင့် အများကြီးထည့်တယ်။ ကဗျာကလည်း အပုဒ် ၅၀ လောက်ပါမယ်။ ဆောင်းပါးက လည်း ၁၀ ပုဒ်လောက်ပါမယ်။ ဝတ္ထုကတော့ မထည့်ဘူးပေါ့လေ။ စကားပြေလေးတော့ ထည့်တယ်။
စာမူခချည်းပဲ ၆ သိန်းလောက် ရှိတယ် ပုံမှန်က။ ဆရာကြီးတွေအနေနဲ့ စာမူခ ၁ သောင်းဆိုပေမယ့် ၁ သောင်းသွားပေးလို့မကောင်းဘူး။ အဲ့တော့ ၁ သောင်းထပ်စိုက်ရ တယ်။ နောက်ဆုံးထုတ်ထားတဲ့ နံပါတ် ၇ “လမ်း” ကတော့ ဆရာမောင်သာနိုး ထင်းရှူးပင်ရိပ် နှစ် ၅၀ပြည့်ပေါ့နော်။ နောက်တအုပ်တော့လုပ်ချင်ပါသေးတယ်။ လမ်းဆိုတာ အမြဲတမ်း ရှိနေမှာပဲလေ။ စိုင်းဝင်းမြင့် နာမည်နဲ့ မသွားရင်တောင် တခြားတယောက် နာမည်နဲ့ သွားလေ။
မေး။ ။ ဆရာမောင်ချောနွယ်နဲ့ ပတ်သက်ခဲ့တာလေး ပြောပြပေးပါဦး။
ဖြေ။ ။ မောင်ချောနွယ်နဲ့ ပတ်သက်ပြီး ကျနော် စာတွေ အများကြီးရေးခဲ့ဖူးပါတယ်။ ရူးတာကိုး။ ဘဝမှာ အရူးဆုံးက မောင်ချောနွယ်ပဲ။ လွှမ်းမိုးမှုလည်း တော်တော်လေး ရှိခဲ့တယ်။ ၉၃ ၊ ၉၄ ကတည်းက ကျနော် အလုပ်လုပ်ရင်း ကျောင်းတက်တယ်။ မောင်ချောနွယ် ကဗျာတွေ ရွတ်တယ်။ အလုပ်ထဲက အစ်ကိုကြီးတယောက်က မင်းဒီနေ့ မောင်ချောနွယ် နာမည် မထွက်ဘူး ဆိုရင် အလုပ်သိမ်းတဲ့အချိန် မင်းလိုတာပြော ငါဝယ်ပေးမယ်တဲ့။ အမြဲတမ်းကြားနေရတော့ သူတခုခု ဖြစ်မှာပေါ့လေ။ အလုပ်လုပ်ရင်း မောင်ချောနွယ် ကဗျာအပိုဒ်လေးတွေပေါ့လေ။ ရွတ်မိသွားတယ်။
မောင်ချောနွယ် ကဗျာတွေက ရွတ်လို့ကောင်းတယ်လေ။ သူများ ကဗျာတွေလို မဟုတ်ဘူး။ ရွတ်လိုက်လို့ ရှိရင်လည်း မျက်လုံးထဲကိုမြင်စေတဲ့ နိမိတ်ပုံတွေနဲ့။ အရင်ဆုံးစတာက မဂ္ဂဇင်းမှာ။ “ငါ့ကိုကျားတံဆိပ်ဘီယာ မတိုက်တဲ့နေ့က” တဲ့။ မန္တလေးကသူ ငယ်ချင်းတယောက်က စာအုပ်လေးတအုပ်ယူလာတယ်။ မောင်ချောနွယ် အတုတဲ့။ နားမလည်တာတွေ အများကြီးပဲ။ အဲဒီတုန်းက နားမလည်ခဲ့ဘူး။
ဒီနေ့ကျတော့ နားလည်သွားပြီ။ အဲ့မှာ နောက်တအုပ် ထပ်တွေ့ပြန်ရော။ မိုးဝေး။ “ဆံနွယ်တခုရဲ့အလျား”တဲ့။ ဦးလေး ယူလာတာ။ ဦးလေးနဲ့အစ်ကိုတွေက မိုးဝေးနဲ့ သူငယ်ချင်းတွေ။ အဲ့မှာ မောင်ချောနွယ် အမှာစာနဲ့ ညှိ သွားတာ။ ပင်လယ်လေ ရှူသူတဲ့။ အဲ့မှာ နောက်တအုပ် ထပ်ထွက်လာတယ်။ “ရထား” တဲ့။
တနှစ်ထဲကို ၂ အုပ်ပြိုင်ထွက်တာ မောင်ချောနွယ်က၊ အဲလိုဖတ်နေရင်းနဲ့ ရုပ်ရှင်တေးကဗျာမှာ သူ့အင်တာဗျူးက ပါလာရော။ သူနဲ့ မောင်သင်းခိုင်နဲ့အင်တာဗျူး။ မောင်ချောနွယ်က ကဗျာတင်မဟုတ်ဘူး။ စကားပါလွှမ်းမိုးတာ။ ကျုပ်ရဲ့ ညံ့ဖျင်းပုံများပါ။ ဆတ်သွားဆိုတဲ့ ကဗျာကို ၃ နှစ်ကြီးများတောင်ရေးရတာတဲ့။ ကျနော်လည်း ကဗျာရှည်ရေးဦးမှပေါ့နော်။
ဒီနေ့အထိ မပြီးဘူး။ ၁၉၉၃ ခုနှစ်ကတည်းကရေးတာ။ ခေါင်းစဉ်က အိပ်မက်ထဲက သေနတ်တလက် တဲ့။ တနေ့ကြတော့ မောင်ချောနွယ်ကိုတွေ့ရော။ မဂ္ဂဇင်းမှာပါတဲ့ မောင်ချောနွယ်ပုံကို ဖြဲထားတော့ အလွတ်ကျက်ထားတာဆိုတော့ သိနေတယ်။ ကျော်သွားလို့ရှိရင် ရွှေတုံးကို ဆုံးရှုံးရသလိုမျိုးပဲလေ။ ဆရာ မောင်ချောနွယ် မဟုတ်လားဆိုတော့ “ဟာ ဟုတ်တယ် ဟေ့ရောင်။ မင်း ဘယ်သူလဲ” ဆိုတော့ စိုင်းဝင်းမြင့်လို့ဆိုတော့ မောင်ချောနွယ်က ငါသိတယ်တဲ့။ မင်းကဗျာကိုတဲ့။ “ဟန်ပျက်ခြင်း”တဲ့။
“ဆယ့်ခြောက်အဆင်နဲ့
ဘဝကို ရင်မခုန်ချင်လို့
နောက်တဖဲ ထပ်ဆွဲလိုက်ခါမှ
ဆယ်ဖဲက တက်လာ”
“ငါကြိုက်တယ် ဟေ့ရောင်” တဲ့။ သူ အလွတ် ရွတ်ပြသွားတာ။ ဟာ ကျနော့်အနေနဲ့ လုံးဝ သေလိုက်လို့ရတယ်။ အဲတုန်းက သေလိုက်ရင်တောင် မိုက်ဦးမယ်။ ဒီကနေ့အချိန် မမိုက်တော့ဘူး။ မောင်ချောနွယ်လေ။ စိုင်းဝင်းမြင့် ကဗျာကို ရွတ်ပြသွားတာလေ။ စိုင်းဝင်းမြင့်ကိုယ်တိုင် နားထောင်လိုက်ရတယ်။
You may also like these stories:
ကိုဗစ်ကာလမှာ ပရိသတ်တွေနဲ့အတူ နီနီခင်ဇော် ဖန်တီးထားတဲ့ “တနေ့” သီချင်း
အိမ်မှာနေရတဲ့ ကာလအတွင်း ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ Challenge များ
ကူးစက်ပြန့်ပွားမှုနှုန်း ကြီးကြီးဖြစ်မှာကို ကျမတို့ နိုင်ငံအတွက် စိုးရိမ်တယ်